ရုရှား – ယူကရိန်း စစ်ပွဲ၌ နိုင်ငံ၏ကြေးစားစစ်သား ၁၆ ဦးသေဆုံးခဲ့ဟု သီရိလင်္ကာပြော

0
176

ကိုလံဘို၊မေ ၁၅

ရုရှားနှင့်ယူကရိန်းစစ်ပွဲအတွင်း သီရိလင်္ကာ ကြေးစားစစ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သီရိလင်္ကာဒုတိယကာကွယ်ရေးဝန်ကြီးက မေလ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်ကျော်၌  ရုရှားက စတင်တိုက်ခိုက်လာချိန်မှစ၍ ယူကရိန်း၌ ရုရှားစစ်သား သောင်းနှင့်ချီ ၍ သေဆုံးခဲ့ပြီး မော်စကိုသည် ကမ္ဘာတစ်ဝန်းမှတပ်ဖွဲ့ဝင်များ ပိုမိုရရှိရန် ကြိုးပမ်းလျက်ရှိသည်။

သီရိလင်္ကာအပြင် ဒေသတွင်းအိမ်နီးချင်းများဖြစ်သည့် အိန္ဒိယနှင့်နီပေါတို့မှစစ်သားများသည်လည်း ပြီးခဲ့သည့်နှစ်မှစတင်ကာ တိုက်ပွဲဝင်ရန် လက်မှတ်ရေးထိုးခဲ့ကြပြီး တိုက်ပွဲတွင် သေဆုံးမှုအများအပြားရှိကြောင်း လည်းအတည်ပြုခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံမှ အငြိမ်းစားစစ်သား ၂၈၈ ဦး ကို တိုက်ပွဲအတွက်ခေါ်ယူမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်က စုံစမ်းရေးကော်မရှင်တစ်ခုဖွင့်လှစ်ခဲ့ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး Pramitha Tennakoon ကပြောကြားခဲ့သည်။

ယင်းနောက် သေဆုံးသူ ၁၆ ဦး၏အချက်အလက်များကို အတည်ပြုပြီးဖြစ်‌ကြောင်း သတင်းထောက်များကို ပြောခဲ့သော်လည်း ၎င်းစစ်သားများသည် ရုရှားနှင့်ယူကရိန်းအကြား မည်သည့်ဘက်မှကူတိုက်ပေးခဲ့သည်ကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။

သို့သော် အာဏာရပါတီမှ  လွှတ်တော် အမတ် Gamini Waleboda ကမူ အဆိုပါစစ်သားများသည် ရုရှားစစ်တပ်နှင့်အတူ တိုက်ပွဲဝင်ရန် အများစုက စုဆောင်းခံရခြင်းဖြစ်ကြောင်း တနင်္လာနေ့ကလွှတ်တော်သို့ပြောကြားခဲ့သည်။

သီရိလင်္ကာအစိုးရအနေဖြင့်လည်း ၎င်း၏နိုင်ငံသားများအား ဘေးကင်းစွာပြန်ခေါ်နိုင်ရေးအတွက် ရုရှား – ယူကရိန်းနှစ်နိုင်ငံလုံးနှင့် ဆွေးနွေးနေကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

သီရိလင်္ကာအစိုးရ‌အနေဖြင့် ၎င်းနိုင်ငံသားများ ရုရှားနှင့်ယူကရိန်းကြေးစားစစ်သားအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ခြင်းမပြုရန် တားမြစ်ထားပြီး ယင်းသို့တာဝန်ထမ်းဆောင်နိုင်ရန် အေးဂျင့်အဖြစ်တာဝန်ယူပို့ဆောင်ပေးနေသည့် အငြိမ်းစားတပ်မတော်သားနှစ်ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here