ကျူးဘားအား အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီသူစာရင်းတွင် ထည့်သွင်းထားခြင်းမှ ဖယ်ရှားရန် ကျူးဘားသမ္မတ တောင်းဆို

0
803

ကျူးဘားအား အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီသူများစာရင်းတွင် ထည့်သွင်းထားခြင်းမှ ဖယ်ရှားရန်နှင့် စီးပွားရေးပိတ်ဆို့မှုများကို ရုတ်သိမ်းရန် ကျူးဘားသမ္မတ Miguel Diaz-Canel က အမေရိကန်ကို တောင်းဆိုခဲ့သည်။

“ကျူးဘားနိုင်ငံဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိရှီနေကြပြီဖြစ်တာကြောင့် အမေရိကန် ပြည်ထောင်စုအနေနဲ့ မှန်ကန်တဲ့ ယုတ္တိကျတဲ့ ခြေလှမ်းကို လှမ်းရပါမယ်၊ ကျူးဘားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မတရားထည့်သွင်းထားတဲ့စာရင်းကနေ ဖယ်ရှားပြီး ကျူးဘားအပေါ် အကျပ်ကိုင်တဲ့ စီးပွားရေးအစီအမံတွေကိုပါ ရပ်တန့်ပစ်ဖို့ တောင်းဆိုပါတယ် “ဟု ကျူးဘားသမ္မတ Miguel Diaz-Canel က သူ၏ X အကောင့်တွင် ရေးသားထားသည်။

၁၉၆၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ကျူးဘားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။ ထို့နောက် ဝါရှင်တန်က ကျူးဘားကို ကုန်သွယ်ရေးနှင့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမာက ကျူးဘားအပေါ် ထားရှိသော အမေရိကန်၏ ယခင်မူဝါဒသည် အလုပ်မဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ကျူးဘားဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှုများ လျော့ပါးစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးဆီသို့ ဦးတည်သွားရန် အစီအစဉ်များကို ကြေညာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အိုဘားမားအစိုးရက ကျူးဘားအား အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီသူများစာရင်းမှ ဖယ်ရှားလိုက်ကြောင်း ကြေညာခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက် ယင်းလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားခဲ့ပြန်သည်။ ထို့နောက် ထရန့်အစိုးရသည် ကျူးဘားအား အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီသူများစာရင်းတွင် ထပ်မံထည့်သွင်းလိုက်ပြန်သည်။ ဘိုင်ဒင် အစိုးရတက်လာခဲ့ပြီး သမ္မဘိုင်ဒင်က ကျူးဘားအပေါ် ၎င်း၏မူဝါဒကို ပြန်လည်ပြင်ဆင်မည်ဟု ကတိပြုခဲ့သော်လည်း အထက်ဖော်ပြပါစာရင်းမှ မဖယ်ရှားရသေးပေ။

ကျူးဘားနိုင်ငံအပေါ် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများကို ရုတ်သိမ်းရန် အမေရိကန်ပြည်ထောင်စုအား တောင်းဆိုသည့် ၃၁ ကြိမ်မြောက် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အတည်ပြုခဲ့သည်။ စာတမ်းကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှ ထောက်ခံခဲ့ပြီး နှစ်နိုင်ငံ (အမေရိကန်နှင့် အစ္စရေး)တို့က ကန့်ကွက်ခဲ့ကြကာ ယူကရိန်း က ကြားနေခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here