ယူကရိန်းရဲ့ ခါကိဗ်ဒေသမှာ ကြားခံဇုန်တစ်ခု ထူထောင်လိုခြင်းဖြစ်ပြီး မြို့ကို သိမ်းပိုက်ဖို့ အစီအစဉ်မရှိဟု ပူတင် ပြော 

0
203

တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ရုရှား သမ္မတ ဗလာဒီမာပူတင်က မော်စကိုရဲ့ ယူကရိန်း အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသ ထိုးစစ်ဆင်မှုဟာ ကြားခံဇုန်တစ်ခု ထူထောင်ဖို့သာဖြစ်ပြီး မြို့ကို သိမ်းပိုက်ဖို့ အစီအစဉ် မရှိဘူးလို့ သောကြာနေ့မှာ ပြောဆိုပါတယ်။ 

စစ်မျက်နှာသစ်ဖွင့်လိုက်တဲ့ မေ ၁၀ ရက်က ထိုးစစ်နဲ့ ပတ်သက်ပြီး ပူတင်က ပထမဆုံးအကြိမ် မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပြီး ယင်းထိုးစစ်ကြောင့် ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံသား ထောင်ချီနေရပ်ရွှေ့ပြောင်းခဲ့ရပါတယ်။ သောကြနေ့အစောပိုင်းက ယူကရိန်းဟာ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဒရုန်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်ခဲ့တာကြောင့် ဆီဗာစတိုပိုးလ်မြို့မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေဖြစ်ခဲ့ပါတယ်။ ယင်းမတိုင်ခင်က တိုက်ခိုက်မှုမှာလည်း လေတပ်စခန်းတစ်ခုရှိ လေယာဉ်တွေနဲ့ လောင်စာသိုလှောင်ရုံတွေ ပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။  

ရုရှားနိုင်ငံတောင်ပိုင်းမှာ ရေနံချက်စက်ရုံတစ်ခု မီးလောင်ခဲ့တယ်လို့လည်း ရုရှားအာဏာပိုင်တွေက ပြောဆိုပါတယ်။ 

ရုရှားရဲ့ ဘဲလ်ဂိုရော့ဒ်ဒေသကို ယူကရိန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့မှုအပေါ် တုန့်ပြန်တဲ့အနေနဲ့ မော်စကိုက ခါကိဗ်ဒေသကို တိုက်ခိုက်မှု စတင်ခဲ့ပါတယ်။ 

တရုတ်နိုင်ငံ ဟာဘင်မြို့ကို သွားရောက်လည်ပတ်ခဲ့စဉ် ပူတင်က သတင်းထောက်တွေကို ပြောဆိုရာမှာ ဒီထိုးစစ်နဲ့ပတ်သက်ပြီး မိမိ လူသိရှင်ကြား ပြောထားပြီးဖြစ်သလိုပဲ လုံခြုံရေးဇုန်တစ်ခု၊ တိုက်ခိုက်မှုကင်းစင်တဲ့ဇုန်တစ်ခု ဖန်တီးရေးလုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ဒီကိစ္စအတွက် မိမိတို့လုပ်ဆောင်နေခြင်းဖြစ်ပြီး ရုရှားတပ်တွေက အစီအစဉ်အတိုင်း နေစဉ်ရှေ့ချီတက်နေကြောင်း သူက ပြောဆိုပါတယ်။ ဒါ့အပြင် လက်ရှိမှာ ခါကိဗ်မြို့ကို သိမ်းပိုက်ဖို့ အစီအစဉ်မရှိဘူးလို့ သူက ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ ရုရှားရဲ့ ခါကိဗ်ဒေသထိုးစစ်ကို ဟန့်တားဖို့ ယူကရိန်းတပ်ဖွဲ့တွေကလည်း တုန့်ပြန်တိုက်ခိုက်နေပါတယ်။ တပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်နိုင်ရေး ကြိုးပမ်းချက်အဖြစ် သမ္မတ ဗိုလိုဒီမာ ဇလန်စကီးက အကျဉ်းသားတွေကို တပ်ထဲဝင်ခွင့်ပြုကာ စစ်မှုထမ်းဖို့ တိမ်းရှောင်သူများကို ဒဏ်ငွေ ငါးဆတိုးမြှင့်ချမှတ်မယ့် ဥပဒေနှစ်ရပ်ကို သောကြာနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အငြင်းပွားဖွယ်ရာ ယင်း စစ်သားစုဆောင်းရေးဥပဒေဟာ စနေနေ့(မေ ၁၈) မှာ အသက်ဝင်မှာဖြစ်ပါတယ်။

 Ref: အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here