အင်ဒိုနီးရှား အီဘူမီးတောင်ပေါက်ကွဲလို့ အနီးအနား ကျေးရွာ ၇ ရွာကို ဘေးလွတ်ရာ ရွှေ့ပြောင်း

0
196

အင်ဒိုနီးရှားနိုင်ငံက ဝေးလံသီခေါင် ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟယ်မာဟီရာကျွန်းပေါ်က မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ပြီး မီးခိုရောင် မီးတောင်ပြာတိမ်တိုက်တွေ ကောင်းကင်ကို မှုတ်ထုတ်ခဲ့တာကြောင့် အနီးအနား ကျေးရွာ ၇ ရွာက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုလုပ်ခဲ့ရကြောင်း အာဏာပိုင်တွေက မေ ၁၉ ရက်မှာ ပြောဆိုပါတယ်။

အီဘူမီးတောင်ဟာ မေ ၁၈ ရက် ညနေပိုင်းမှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေ အမြင့် ၄ ကီလိုမီတာအထိ ရောက်ရှိခဲ့ကာ မီးတောင်ထိပ်၀ ဝန်းကျင်မှာ ခရမ်းရောင်တောက်ပတဲ့ လျှပ်လက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ အင်ဒိုနီးရှား မီးတောင်ဗေဒဋ္ဌာနက ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေအရ သိရပါတယ်။

မီးတောင်ဝန်းကျင်ရှိ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေလုပ်ဖို့အတွက် ရဲ၊ စစ်တပ်နဲ့ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကို စေလွှတ်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီမှ မစ္စတာ အဗ္ဗဒယ် မူဟာရီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

သဘာဝဘေးအေဂျင်စီက ထုတ်ပြန်ခဲ့တဲ့ ဓါတ်ပုံတွေမှာ ကယ်ဆယ်ရေးလုပ်သားတွေက သက်ကြီးရွယ်အိုတွေကို ကူညီဆောင်ရွက်ပေးနေခဲ့ပြီး အခြားဒေသခံတွေကို ပစ်ကပ်ထရပ်ကားတွေနဲ့ ရွှေ့ပြောင်းပေးကာ အရေးပေါ် ရွက်ဖျင်တဲတွေမှာ ညလုံးပေါက် ထားရှိပေးခဲ့ကြောင်း သိရပါတယ်။

လူဦးရေ ဘယ်လောက်များများ ရွှေ့ပြောင်းပေးခဲ့တယ်ဆိုတာကို အေဂျင်စီက ထုတ်ပြန်ခြင်းမရှိပေမယ့် မီးတောင်နဲ့ ၇ ကီလိုမီတာ အချင်းဝက်အထိ ရွှေ့ပြောင်းပေးထားဖို့ အာဏာပိုင်တွေက အကြံပြုတိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

မေလအစောပိုင်းမှာ ပေါက်ကွဲမှုတွေ အကြိမ်များစွာဖြစ်ခဲ့ပြီးနောက် အင်ဒိုနီးရှား မီးတောင်ဗေဒဋ္ဌာနက အီဘူမီးတောင်ရဲ့ သတိပေးတပ်လှန့်မှုအဆင့်ကို မေ ၁၆ ရက်မှာ အမြင့်ဆုံးအဆင့် တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ပစိဖိတ်မီးကွင်းပေါ်မှာ တည်ရှိကာ မီးတောင်ရှင် ၁၂၇ လုံးအထိ ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အခြား မီးတောင်တွေ ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် အီဘူမီးတောင် လှုပ်ရှားထကြွလာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here