သန်လျင်တံတားအမှတ် (၃) ဖြတ်သန်းခကို QR Code အသုံးပြု၍ Mobile Pay စနစ်ဖြင့် ကောက်ခံမည်

0
153

သန်လျင်တံတားအမှတ် (၃) တွင် တည်ဆောက်နေသည့် Toll Plaza ၌ တံတားအသုံးပြုခအား လူဖြင့် ကောက်ခံသည့်စနစ်အပြင် နိုင်ငံတကာကဲ့သို့ QR Code အသုံးပြု၍ Mobile Pay စနစ်တို့ဖြင့် အချိန်ကြန့်ကြာမှု မရှိစေရေး စီစဉ်ဆောင်ရွက်ရန်ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ညွှန်ကြားခဲ့သည်။

သာကေတနှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် – ၃ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးစဉ် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တံတားဒီဇိုင်းအရ သတ်မှတ်ချက်များ ပြည့်စုံအောင်ဆောင်ရွက်ရန်၊ သံမဏိကြိုးထိန်းတိုင် (Pylon) များတွင် လေကြောင်းအချက်ပြမီး (Aviation Light) များ တပ်ဆင်ရန်၊ မိုးကြိုးလွှဲများတပ်ဆင်ရန်နှင့် ခုခံအုမ်း (Ohm) များ သတ်မှတ်ထားသည့်အတိုင်းရှိ/ မရှိ စစ်ဆေးဆောင်ရွက်ရန်၊ ညအချိန် သ‌င်္ဘောများ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန်အတွက် ရေကြောင်းလမ်းပြမီး (Navigation Light) များကို သတ်မှတ်ချက်အတိုင်း တပ်ဆင်ဆောင်ရွက်ရန်၊ တံတား၏ အချောသပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံနှုန်းအတိုင်း ကိုက်ညီအောင် ကြပ်မတ်ဆောင်ရွက်ရန်၊ တံတားတိုင် (Pier) များ ‌ယာဉ်များကြောင့် ထိခိုက်ပျက်စီးမှုမှ ကြိုတင်ကာကွယ်ရန်တို့ကို ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

ထို့ပြင် တံတားအဟောင်းနှင့် တံတားအသစ်တို့ဆုံသည့် နေရာဖြစ်သဖြင့် ယာဉ်ကြောကျပ်တည်းမှု မရှိစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် မီးပွိုင့်များ၏ ယာဉ်လွှတ်ချိန်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ညှိနှိုင်းဆောင်ရွက်ရန်လည်း ၎င်းကဆက်လက်မှာကြားခဲ့သည်။

ယင်းနောက် အဆောက်အဦ ဦးစီးဌာန လုပ်ငန်းတာဝန်ခံက သာကေတဘက်ခြမ်း Toll Plaza နှင့် Control Building တည်ဆောက်ပြီးစီးမှု၊ ယာဉ်များ အဆင်ပြေစွာသွားလာနိုင်ရေးနှင့် ငွေကောက်ခံမှုစနစ် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများသတ်မှတ်ချိန်အတွင်း ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ Toll Plaza တွင် တံတားအသုံးပြုခအား လူဖြင့် ကောက်ခံသည့်စနစ်အပြင် နိုင်ငံတကာကဲ့သို့ QR Code အသုံးပြု၍ Mobile Pay စနစ်တို့ဖြင့် အချိန်ကြန့်ကြာမှု မရှိစေရေး စီစဉ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

သန်လျင်တံတား အမှတ်- ၃ သည် နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပြီး တံတားအရှည် ၂၆၃၃ မီတာ (၈၆၃၈ ပေ) ရှိသော ယာဉ်သွားလမ်း လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး တံတား၏ ရေလမ်းကင်းလွတ်အမြင့် ၁၃ဒသမ၂၅ မီတာ (၄၃ ပေ) ရှိသဖြင့် ရေယာဉ်များ လွတ်လပ်စွာ ဝင်/ထွက်သွားလာနိုင်မည်ဖြစ်ကြောင်း၊ တံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်-သီလဝါ အထူးစီးပွားရေးဇုန်နှင့် ‌ဒေသတွင်းစက်မှုဇုန်များအပါအဝင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာမည့်အပြင် လက်ရှိရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုများလည်း လျော့နည်းသက်သာသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here