ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ပါဝင်ခဲ့သည့် မကွေးတွင် သစ်ပင်ပိုစိုက်ကြဖို့ နစကဥက္ကဌ တိုက်တွန်း

0
202

ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင်ပါဝင်ခဲ့သည့် မကွေးတိုင်းဒေသကြီးတွင် သစ်ပင်ပိုစိုက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းသည်။

ကျေးရွာတစ်ရွာလျှင် သစ်ပင် အနည်းဆုံး ၂ ဧကစီ စိုက်ပျိုးကြရန် နစကဥက္ကဌက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့ ၊ မြို့တော်ခန်းမ၌ တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မကွေးတိုင်းဒေသကြီးတွင် အပူချိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် အိမ်ဝင်း၊ လမ်းဘေးများတွင်လည်း စိုက်ရန်လိုကြောင်း၊ မြို့၊ ရွာများအလိုက် သစ်တောသစ်ပင် စိုက်ပျိုးရန်မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုတည်းသာမက အခြားဝန်ကြီးဌာနများနှင့် ဒေသခံပြည်သူလူထုတို့အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ
ရေးနှင့် အပူဒဏ်လျှော့ချရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဌက ဆိုသည်။

အလားတူပင် ရာသီဥတုပြင်းထန်သည့်ကာလများ၌ သက်ကြီးရွယ်အိုများ၊ကျန်းမာရေး အားနည်းသူများအနေဖြင့် အပူဒဏ်ရှောင်နိုင်ရေးအတွက် အပူဒဏ်ကိုခံနိုင်မည့် အဆောက်အဦများဆောက်လုပ်ဆောင်ရွက်နိုင်ကြောင်း နစကဥက္ကဌက ပြောသည်။

လူဦးရေ အများအပြားဝင်ရောက်နိုင်ပြီး အေးချမ်းစွာခေတ္တနားခိုနိုင်မည့် အတွင်းလှိုဏ်ပါစေတီပုထိုးများ တည်ထားကိုးကွယ်ခြင်းအားဖြင့် ကုသိုလ်လည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ နေရောင်ခြည်ကို အသုံးချ၍ ဆိုလာစွမ်းအင်သုံး လေအေးပေးစနစ်များတပ်ဆင်ခြင်းဖြင့်လည်း အပူဒဏ်ကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်းလည်း နစကဥက္ကဌက တိုက်တွန်းပြောဆိုခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးပွဲကို ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here