ဧရာဝတီမြစ်ကို စနစ်တကျ အသုံးချကာ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

0
228

မကွေးတိုင်းဒေသကြီး၌ ဧရာဝတီမြစ်ကို စနစ်တကျ အသုံးချကာ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြောကြားရာတွင် မကွေးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ရန်အတွက်အရင်းအမြစ်များစွာရှိပြီး ဝါ၊ မြေပဲနှင့် နှမ်းတို့ကို အဓိကထား စိုက်ပျိုးကြသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် သီးထပ်စွမ်းအားသည် စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတိုးတက်စေကြောင်း၊ စပါးစိုက်ပျိုးသည့် လယ်မြေများ ၌ သီးထပ်စွမ်းအားများကို မြှင့်တင်နိုင်အောင်ဆောင်ရွက်ကြရန်လိုပြီး အထွက်နှုန်းတိုးတက်စေရေးအတွက်လည်း စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက ဆိုသည်။

အခြေခံအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ် များလိုအပ်ကြောင်း၊ မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ မြေကောင်းမွန်ရန်နှင့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ ပြည့်ဝစွာထည့်သွင်းရန်၊ စိုက်ပျိုးရေ၊ အောင်ရေကောင်းစွာရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင် ဧရာဝတီမြစ်ကို အခြေခံ၍မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်ရာ၌ နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဒေသအလိုက် ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက မကွေးတိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ဧရာဝတီမြစ် ဘေးနေရာများ၌ရှိရာ ဧရာဝတီမြစ်ရေကိုအခြေခံသည့် စိုက်ပျိုးရေး လုပ်ငန်းများကိုအောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးသီးနှံ အထွက်နှုန်းနှင့် ပတ်သက်၍လည်း ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရန်လိုအပ်မှုများ ရှိနေဆဲဖြစ်ကာ ဆီထွက်သီးနှံများကို ပန်းတိုင် ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်နိုင်မည် ဆိုပါက မကွေးတိုင်းဒေသကြီးအနေဖြင့် ဆီထွက်သီးနှံမှရရှိသည့် ဝင်ငွေများစွာရရှိလာ နိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here