မုန်တိုင်းငယ် အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးတွင် မိုးရွာသွန်းနေဦးမည်

0
282

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးတွင် မိုးရွာသွန်းနေဦးမည်ဖြစ်ပြီး နေရာကွက်ကာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက်တွင် ထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ စတင်ကာ မေ(၂၇)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ဆိုသည်။

ထို့ပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉) ပေမှ (၁၂) ပေခန့်ရှိသည့် လှိုင်းများလည်းကြီးနိုင်ကာ မိုင် (၄၀) မှ (၄၅)မိုင် ခန့်ရှိသည့် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း မိုး/ဇ လက ခန့်မှန်းသည်။

ယခုလက်ရှိတွင် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်သာ သတ်မှတ်ထားကြောင်း မိုး/ဇလက ထုတ်ပြန်ခန့်မှန်းထားသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများကို ကြိုတင်သတိပြုကြရန် သတိပေးထားသည်။

ထို့ပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြဖို့ မိုး/ဇလက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here