ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ပြော

0
98

MNL League Cup 2024 ပြိုင်ပွဲ၏ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဖရန့်ဘန်ဟတ် က ယမန်နေ့ မေလ(၂၄)ရက်က ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်လင်းပွဲအတွင်း ပြောကြားခဲ့သည်။

“ဒီအဆင့်ကို‌ရောက်လာခဲ့တာက အုပ်စုတွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့လို့ပါ။ အားလုံးကလည်း အသင်းကောင်းတွေချည်းပါ။ ပြိုင်ဘက်အသင်းပွဲ Highlights တွေကိုသေချာပြန်ကြည့်ပြီး ထရိန်နင်မှာလည်း ကောင်းကောင်းလုပ်ထားတယ်။ ပြိုင်ဘက်ကောင်းဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ကစားသမားတွေကို ယုံကြည်မှုရှိပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာပါ”ဟု ဆိုသည်။

ယနေ့ မေ(၂၅)ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းအတွင်း အုပ်စု (A) ပထမ ရန်ကုန်ယူနိုက်တက်နှင့် အုပ်စု (D) ပထမ ရတနာပုံယူနိုက်တက်တို့ ဆီမီးဖိုင်နယ်ပွဲစဉ်အား ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အနိုင်ရရှိသူအသင်းက ဗိုလ်လုပွဲစဉ်သို့ တက်ရောက်ရမည်ဖြစ်သည်။

ယနေ့ အသင်းနှစ်သင်းတွေ့ဆုံမှုအတွက် ရတနာပုံယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးကလည်း “ဆီမီးဖိုင်နယ်အဆင့်မှာ ရလဒ်ကောင်းရဖို့အတွက် ရှိတဲ့အားအင်းတွေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါ။ အုပ်စုတွင်း (၈) ပွဲမှာ ကျွန်တော့်ကစားသမားတွေ အကောင်းဆုံးစွမ်း‌ဆောင်နိုင်ခဲ့တဲ့အတွက် အသိ အမှတ်ပြုပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် MNL League Cup 2024 ပြိုင်ပွဲပွဲစဉ်များသည် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး၊ မနက်ဖြန် မေ(၂၆)ရက်တွင်လည်း အုပ်စု (B) ပထမ ရှမ်းယူနိုက်တက်နှင့် အုပ်စု (C) ပထမ ဒဂုံစတားယူနိုက်တက်တို့ တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယခု ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်သည် ပရိတ်သတ်စိတ်အဝင်စားမှု အမြင့်တက်ဆုံးပွဲစဉ်များဖြစ်ပြီး၊ အနိုင်ရရှိသည့် အသင်းနှစ်သင်း ဗိုလ်လုပွဲ၌ တွေ့ဆုံကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here