ဒဗ္ဗလင်ကို ပျံသန်းလာတဲ့ ကာတာလေကြောင်းလိုင်း လေယာဉ်တစ်စင်း လေထုမငြိမ်သက်မှုနဲ့ ကြုံတွေ့ခဲ့မှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရ

0
292

ဒိုဟာမြို့ကနေ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ကို ပျံသန်းလာတဲ့ ကာတာလေကြောင်းလိုင်း လေယာဉ်တစ်စင်းဟာ လေထုမငြိမ်းသက်မှုနဲ့ ရင်ဆိုင်တိုးခဲ့တာကြောင့် လူ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ လေယာဉ်ကတော့ အစီအစဉ်အတိုင်း လုံခြုံဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့လည်း ဒဗ္ဗလင်လေဆိပ်က မေ ၂၆ ရက်မှာ ပြောဆိုခဲ့ပါတယ်။

လေယာဉ်ခရီးစဉ်အမှတ် QR017၊ ဘိုးရင်း 787 Dreamliner အမျိုးအစားလေယာဉ်ဟာ ဒဗ္ဗလင်စံတော်ချိန် မွန်းလွဲ ၁ နာရီမတိုင်ခင်လေးမှာ ဆင်းသက်နိုင်ခဲ့တယ်လို့ လေဆိပ်က ပြောဆိုပါတယ်။

လေယာဉ်ဟာ တူရကီနိုင်ငံ ကောင်းကင်ယံကို ဖြတ်ပျံစဉ်မှာ လေထုမငြိမ်သက်မှုနဲ့ ကြုံခဲ့ပြီးနောက် ခရီးသည် ၆ ဦးနဲ့ အမှုထမ်း ၆ ဦး ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းပေးပို့မှုကြောင့် လေယာဉ်ဆင်းသက်လာချိန်မှာ လေဆိပ်ရဲ၊ မီးသတ်နဲ့ ကယ်ဆယ်ရေးဋ္ဌာနတွေအပါအဝင် အရေးပေါ်ဝန်ဆောင်မှုတွေ အသင့်ရှိနေခဲ့ကြတယ်လို့ ဒဗ္ဗလင်လေဆိပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒဗ္ဗလင်လေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်တွေရဲ့ ပြောဆိုချက်အရ မတော်တဆမှုဟာ စက္ကန့် ၂၀ ကျော်ကြာခဲ့ပြီး အစားအသောက်တွေ ဝန်ဆောင်မှုပေးနေချိန်မှာ ဖြစ်ခဲ့တာလို့ အိုင်ယာလန် ရုပ်သံ RTE က ဖော်ပြပါတယ်။

လေယာဉ်ဟာ ငါးစက္ကန့်လောက် နိမ့်ဆင်းသွားတယ်လို့ ခံစားခဲ့ရပြီး လေယာဉ်မယ်တစ်ဦး လေပေါ်မြောက်တက်သွားကာ ပြန်ပြုတ်ကျခဲ့တာကို သူ မြင်တွေ့ခဲ့ရကြောင်း ခရီးသည်တစ်ဦးဖြစ်တဲ့ ကော်နာက ပြောဆိုပါတယ်။

သူ့အဖော်တစ်ဦးဖြစ်တဲ့ အမ်မာကလည်း လေယာဉ်မယ်တွေရဲ့ မျက်နှာတွေမှာ အခြစ်ရာ အစင်းရာတွေ မြင်တွေ့ခဲ့ရပြီး လူတိုင်းရဲ့ မျက်နှာမှာ စိုးရွံ့ထိတ်လန့်မှုတွေဖြစ်နေတာ တွေ့ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ 

ကာတာလေကြာင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာတော့ လေယာဉ်ပျံသန်းမှုအတွင်း ခရီးသည်နဲ့ အမှုထမ်း အရေအတွက်အနည်းငယ် အသေးစားဒဏ်ရာတွေ ရရှိခဲ့ကြကြောင်းနဲ့ ဆေးဝါးကုသမှု ခံယူထားကြကြောင်း ပြောဆိုခဲ့ပါတယ်။

လေထုမငြိမ်သက်ဖြစ်စဉ်နဲ့ ပတ်သက်လို့ လေကြောင်းလိုင်းက တိုက်ရိုက် မှတ်ချက်ပေးခဲ့ခြင်း မရှိပေမယ့် ဖြစ်စဉ်ကို အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုလုပ်သွားဖို့ရှိတယ်လို့ ဆိုခဲ့ပါတယ်။

လန်ဒန်ကနေ စင်ကာပူကို ပျံသန်းလာတဲ့ စင်ကာပူ လေကြောင်းလိုင်း လေယာဉ်တစ်စင်း လေထု မငြိမ်သက်မှုနဲ့ ကြုံတွေ့ပြီး ဘန်ကောက်မှာ အရေးပေါ် ဆင်းသက်လိုက်ရတဲ့ ဖြစ်စဉ်ပေါ်ပေါက်ပြီး ငါးရက်အကြာမှာ အခုဖြစ်ရပ် ဖြစ်ခဲ့တာဖြစ်ပါတယ်။

စင်ကာပူလေကြောင်းလိုင်း ဖြစ်စဉ်မှာတော့ အသက် ၇၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦး ကွယ်လွန်ကာ အခြား ၂၀ ဦး အထူးကြပ်မတ်ကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here