ကန်ကာကွယ်ရေးဝန်ကြီး  စင်္ကာပူ၊ကမ္ဘောဒီးယားနှင့်ပြင်သစ်သွားမည်

0
199

ဝါရှင်တန်၊မေ ၂၆

အမေရိကန်ကာကွယ်ရေးဝန်ကြီး မစ္စတာလွိုက်အော်စတင်သည် လာမည့်ရက်သတ္တပတ်၌ စင်္ကာပူ၊ကမ္ဘောဒီးယားနှင့်ပြင်သစ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၄ ရက်နေ့ ၌ သတင်းထုတ်ပြန်လိုက်သည်။

မစ္စတာအော်စတင်သည်သူ၏ ၁၀ ကြိမ်မြောက် အင်ဒို – ပစိဖိတ်ဒေသ တရားဝင်ခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံရှိ ရှန်ဂရီလာဟိုတယ်၌ပြုလုပ်မည့်ဆွေးနွေးပွဲတွင် အမှာစကားပြောကြားမည်ဖြစ်ပြီး ကမ္ဘာ့လုံခြုံရေး၌ ဒေသ၏အရေးပါမှုကိုလည်း အလေးထားပါကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စင်္ကာပူ၌ရှိနေစဉ်အတွင်း ဝန်ကြီးအော်စတင်သည် ဝါရှင်တန်နှင့်စင်္ကာပူအကြားဆက်ဆံရေး ပိုမိုအားကောင်းလာစေရန်အတွက် စင်္ကာပူဝန်ကြီးချုပ်အသစ်ရော အခြားအကြီးတန်းအရာရှိများနှင့်ပါ တွေ့ဆုံရန်စီစဉ်ထားကြောင်းသိရသည်။

ဒေသတွင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန်ရည်ရွယ်ချက်ဖြင့်ဂျပန်နှင့်တောင်ကိုရီးယားသမ္မတနိုင်ငံတို့မှ အရာရှိများနှင့် သုံးနိုင်ငံဝန်ကြီးများအစည်းအဝေးတွင်ပါဝင်သွားမည်ဖြစ်သည့်အပြင် အရှေ့တောင်အာရှကာကွယ်ရေးဝန်ကြီးများနှင့်ပါ အစည်းအဝေးတစ်ရပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းနောက်မစ္စတာအော်စတင်သည် အင်ဒို – ပစိဖိတ်ဒေသတစ်ဝန်းရှိ ကာကွယ်ရေးဝန်ကြီးများအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးဒွန်ဂျန်နှင့်ပါတွေ့ဆုံမည်ဖြစ်ကာ ကမ္ဘောဒီးယား၌ရှိနေစဉ်အတွင်း အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့်လည်း တွေ့ဆုံမည်ဟုကြေငြာချက်၌ဖော်ပြထားသည်။

မစ္စတာအော်စတင်သည် ၎င်း၏ခရီးစဉ်ကို ပြင်သစ်၌အဆုံးသတ်မည်ဖြစ်ကြောင်းလည်း အဆိုပါကြေငြာချက်တွင်ထည့်သွင်းဖော်ပြထားသေးသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here