သွင်းသူတွေနှစ်နာပြီး ပြည်သူကဈေးကြီးပေးစားနေရတဲ့စားအုန်းဆီရဲ့ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်မြင့်တက်လာ

0
513

ယခုတစ်ပါတ်တွင် ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် အနည်းငယ်မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာငွေကျပ် ၅၂၇၀ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားပြီး ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိဿာ ၅၂၀၀ ကျပ်ဖြစ်ပြီး ၇၀ ကျပ်မြင့်တက်လာခြင်းဖြစ်သည်။

“ရည်ညွှန်းဈေးနည်းရင်သွင်းတဲ့သူတွေမကိုက်ပါဘူး။ သွင်းတဲ့လူကျတော့လည်း သွင်းဖို့ အရင်းတောင် မရတော့ ရေရှည်မလုပ်ချင်ကြဘူး။ စားအုန်းဆီ သုံးတဲ့သူတွေဖက်ကြည့်ပြန်တော့လည်း လူတွေက အောက်ခြေလူတန်းစားများတော့ သူတို့ဝင်ငွေနဲ့က ဈေးတင်လာရင်တော်တော်အဆင်မပြေကြပါ။
အဆင်ပြေတဲ့အုပ်စုကကြားထဲက သူတွေပါ။ ရည်ညွှန်းဈေးကိုချတဲ့အခါ တချို့ တွေကတစ်ဆင့်ဝယ်ပြီး ကြားကအမြတ်ယူတာကြောင့် သွင်းသူတွေနှစ်နာပြီး ပြည်သူတွေကဈေးကြီးပေးစားနေရတာပါ”ဟု ကုန်သည်တစ်ဦးက ၎င်း၏ရူ့ထောင့်ကိုပြောသည်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်ငွေကျပ် ၅၂၇၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

“FOB ဈေးကတော့ မှန်ပါတယ်၊ဒေါ်လာနူန်းကိုဗဟိုဘဏ် က ၂၁၀၀ နှုန်းနဲ့ ၃၅ ရာခိုင်နှုန်းရောင်းပေးပြီး ကျန် (၆၅) ရာခိုင်နှုန်းကို ပုဂ္ဂလိကဘဏ်တွေကနေ ဈေးကွက်ပေါက်ဈေးနဲ့ ဝယ်ရချိန် မှာ တစ်ဒေါ်လာအပေါ်ကျသင့်တဲ့ပျမ်းမျှဒေါ်လာလဲလှယ်နှုန်းထားကို ဗဟိုဘဏ် ရည်ညွှန်းဈေး နဲ့ တွက်တော့ တကယ်ကျတဲ့ အရင်းထက်လျော့နည်းတွက်ချက်ထားသလိုဖြစ်နေတာပါ၊Shipping arrival ကျမှ လိုင်စင်ဖွင့်ပေးပြီး USD ဝယ်ခွင့်တောင်းရတော့ Shipping Demurrage Cost က ငွေမချေမချင်း ပေးနေရပါတယ်၊ငွေဝယ်ခွင့် ကလည်း အနည်းဆုံး ၃ရက်ကနေ ၁၄ ရက်ခန့်ထိ ကြာတတ်တော့ တစ်ရက်ကို USD ၅၀၀၀ ဝန်းကျင်စားရိတ်တက်ပါတယ်၊earning လည်း ဝယ်ချင်သလောက်မရတော့ ချေးငွေ အတွက် အတိုးတက်ပါတယ်၊ဆိပ်ကမ်းရောက်တာနဲ့ ကြိုတင်ခွန် ၂% အရင်ဆောင်ရပါတယ်၊ ရည်ညွှန်းဈေးနဲ့ ရောင်းရင် အရင်းတောင်မရတဲ့ အချိနိမှာ ဆိပ်ကမ်းရောက်တာနဲ့ ဝင်ငွေခွန် အရင်ဆောင်ရတာပါ။နှစ်ချုပ်လို့ တကယ်မမြတ်ရင်တော့ စာရွက်စာတမ်းစုံရင် Refund ပြန်ရပါတယ်”ဟု စားသုံးဆီသွင်းသူတစ်ဦးကဆိုသည်။

“ဈေးနှုန်းတကယ်ကျလာဖို့ကတော့လက်ရှိ ဖြန့်ချီနေတဲ့စနစ်ကိုပြင်ဖို့လိုမယ်ထင်ပါတယ်၊သွင်းတဲ့ တန်ချိန် ကိုလည်း မထိန်းမှ ကြားက ဈေးကစားတာကို လျော့ချဖို့လွယ်မလားတော့မသိဘူး။စက်သုံးဆီလို ကိုယ့်ဆိုင်နဲ့ ကိုယ်ရောင်းတဲ့စနစ်နဲ့ဆို ဈေထိန်းနိုင်မလားလို့ ထင်မိတယ်”ဟုဈေးကွက်ထဲမှပုဂ္ဂိုလ်တစ်ဦးက သူ၏ထင်မြင်ယူဆချက်ကိုပြောသည်။

စားအုန်းဆီများကိုအရေးကြီးကုန်စည်အဖြစ်သတ်မှတ်ထားပြီး နိုင်ငံတော်မှ subsidize လုပ်ပေးလျှက်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here