သူလျှိုဂြိုဟ်တု လွှတ်တင်မည့် အစီအစဉ် ဖျက်သိမ်းဖို့ မြောက်ကိုရီးယားကို ဂျပန် တောင်းဆို

0
436

မြောက်ကိုရီးယားအနေနဲ့ သူလျှိုဂြိုဟ်တု သယ်ဆောင်မယ့် ဒုံးပျံလွှတ်တင်ရေးအစီအစဉ်ကို ဖျက်သိမ်းဖို့ ပေကျင်းရှိ သံတမန်လမ်းကြောင်းကနေတဆင့် တိုကျိုက တောင်းဆိုခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ အစိုးရအဖွဲ့ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီက တနင်္လာနေ့(မေ ၂၇) မှာ ပြောဆိုပါတယ်။

အကာသ ဂြိုဟ်တုတစ်လုံး သယ်ဆောင်သွားမယ့် ဒုံးပျံလွှတ်တင်မှုကို မေလ ၂၇ ကနေ ဇွန် ၄ ရက်အကြား ပင်လယ်ဝါနဲ့ လူဇုန်ကျွန်းအရှေ့ပိုင်းဆီဦးတည်ကာ ပစ်လွှတ်သွားဖို့ရှိတယ်လို့ မြောက်ကိုရီးယားက အကြောင်းကြားလာခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က တနင်္လာနေ့ အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားအစိုးရကလည်း မြောက်ကိုရီယားက စစ်ဖက်သူလျှိုဂြိုဟ်တု လွှတ်တင်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ နောက်ပိုင်းမှာ ပြောဆိုပါတယ်။ တစ်ကယ်လို့ လွှတ်တင်မှု အောင်မြင်ခဲ့မယ်ဆိုရင် ဒါဟာ ပြုံယမ်းရဲ့ ကမ္ဘာပတ်လမ်းရောက် ဒုတိယမြောက် သူလျှိုဂြိုဟ်တု ဖြစ်လာမှာပါ။

တနင်္လာနေ့မှာပဲ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်မှာ ယခု သတိပေးချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ သတိပေးအကြောင်းကြားချက်နဲ့ ပတ်သက်လို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား အရာရှိတွေ ဖုန်းဆက်သွယ်ပြောဆိုမှုလုပ်ခဲ့ကြပြီး မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးနည်းပညာသုံးကာ ဂြိုဟ်တုလွှတ်တင်မှုဟာ ကုလသမဂ္ဂ ဆုံးဖြတ်ထားတဲ့ တားမြစ်ချက်တွေကို ချိုးဖောက်ရာရောက်လိမ့်မယ်ဆိုတဲ့ အမြင်ကို မျှဝေခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

ဂြိုဟ်တု လွှတ်တင်ရေးအစီအစဉ်ကို ပယ်ဖျက်ရေး မြောက်ကိုရီးယားကို တောင်းဆိုသွားကြရန်လည်း အရာရှိတွေ သဘောတူညီခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

Ref: JN, Alarabya News


LEAVE A REPLY

Please enter your comment!
Please enter your name here