အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ရောက်

0
314

တိုင်ပေ၊မေ ၂၇

ထိုင်ဝမ်၌ သမ္မတသစ်လိုင်ချင်းတေ၏ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး၌ ပထမဆုံးအနေဖြင့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ သည် ထိုင်ဝမ်ကျွန်းသို့ လေးရက်တာ အလည်အပတ်ခရီးရောက်ရှိလာကြောင်းသိရသည်။

နှစ်ဖက်ပါတီဝင်များပါဝင်သည့် အဆိုပါအမတ်အဖွဲ့၌ အဖွဲ့ဝင်ခြောက်ဦးပါဝင်ပြီး ရီပတ်ဘလစ်ကန်ပါတီမှ အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဌ မစ္စတာ မိုက်ကယ်မက်ကာကဦးဆောင်ရောက်ရှိလာခြင်းလည်းဖြစ်ကြောင်းဖော်ပြထားသည်။

၎င်းတို့အဖွဲ့သည် အင်ဒို – ပစိဖိတ်ဒေသငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးဆိုင်ရာ အမြင်များကို ဆွေးနွေးဖလှယ်ရန်အတွက် သမ္မတလိုင်ချင်းတေနှင့်ယနေ့တွေ့ဆုံမည်ဖြစ်ကြောင်းလည်း ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်ကြေငြာခဲ့သည်။

“ထိုင်ဝမ်ဟာ ဒီမိုကရေစီနိုင်ငံပါ၊အမေရိက အနေနဲ့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့မိတ်ဖက် ထိုင်ဝမ်အတွက်အမြဲအသင့်ရှိနေမှာဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်မှာရှိတဲ့ လက်ရှိအနေအထားကိုပဲဆက်တည်မြဲစေဖို့လုပ်ဆောင်သွားမှာပါ” ဟုလည်း မိုက်ကယ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုင်ဝမ်၏သမ္မတသစ် မစ္စတာလိုင်ချင်းတေကမူ တရုတ်နိုင်ငံနှင့်လက်တွဲဆောင်ရွက်ရန်အသင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ကာ တရုတ်နှင့် ကူးလူးဆက်ဆံမှုများ၊ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အပြန်အလှန်နားလည်မှုနှင့် ပြန်လည်သင့်မြတ်ရေးတို့ကိုတိုးမြှင့်ဆောင်ရွက်လိုပြီး ငြိမ်းချမ်းရေးနှင့်ဘုံသာယာဝပြောရေးတို့သို့ ဦးတည်သွားရောက်နိုင်ရန်မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here