ပုဂံရှိ ရှေးဟောင်းပိသုကာလက်ရာများ၊“ကြေးခတ်” လက်ရာ ခေတ်မီထွန်းကားခဲ့ပုံများအားထိန်းသိမ်းဖော်ညွှန်းရန် နစကဥက္ကဌ တိုက်တွန်း

0
151

ပုဂံဒေသရှိ ဘုရားစေတီပုထိုးများကို ထိန်းသိမ်းပြုပြင်ဆောင်ရွက်ရာတွင် ကျန်ရှိနေသည့် မြန်မာ့ဗိသုကာအမွေအနှစ်များအလိုက် မူလလက်ရာမပြတ်ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်ရန် နစကဥက္ကဌက တိုက်တွန်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရား၊ စေတီများအား သွားရောက်ဖူးမြော်ကြည်ညိုစဉ် နစကဥက္ကဌက ထိုသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နစကဥက္ကဌသည် ရွှေစည်းခုံစေတီတော်မြတ်ကြီး၊ ထီးလိုမင်းလိုဘုရားကြီးကိုလည်း သွားရောက်ဖူးမျှော်ခဲ့ပြီး ရွှေစည်းခုံစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ရှေးဟောင်းအမွေအနှစ်လက်ရာများကို ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုကာ စေတီတော်ကြီးရင်ပြင်တော်တွင်ခင်းကျင်းထားသည့် ကျောက်ပြားများကို ရေတင်ကျန်မှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်မှုများအတွက်မှာကြားသည်။

ထို့အပြင် စေတီတော်မြတ်ကြီးရှိ ငါးရာ့ငါးဆယ်ဇာတ်တော်စဉ့်ကွင်းများ၊ ကျောက်သပိတ်တော်ကြီးများ၊ သုဓမ္မာဇရပ်များရှိ မြန်မာ့ဗိသုကာပညာရပ်အမွေအနှစ်များကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ မူလလက်ရာမပြတ်ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်ထားရှိရန်၊ တန်ဖိုးမဖြတ်နိုင်သည့်ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့်ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမရှိစေရေး လိုအပ်သည့်ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရန် မှာကြားခဲ့ကြောင်း သိရသည်။

အလားတူပင် စေတီတော်မြတ်ကြီး၏ အရပ်လေးမျက်နှာရှိ ကြေးဂူတိုက် ၄ ခုအတွင်းတည်ထားပူဇော်ထားရှိသည့် ဉာဏ်တော် ၁၂ ပေရှိ ရပ်တော်မူကြေးဆင်းတုတော်များသည် ပုဂံခေတ်ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်ဟန် ပီပြင်တင့်တယ်တော်မူပြီး သာမာန်ကြေးသွန်းထားခြင်းမဟုတ်ဘဲ အတွင်းမှဖောင်းထုတ်ပုံဖော်စေသည့် “ကြေးခတ်” လက်ရာဖြစ်သဖြင့် ရှေးဟောင်းအနုပညာလက်ရာ ခေတ်မီထွန်းကားခဲ့ပုံကို သိမြင်စေနိုင်ကြောင်း နစကဥက္ကဌက ဆိုသည်။

ထို့ကြောင့် သမိုင်းတန်ဖိုးလွန်စွာကြီးမားလှသည့် ရှေးဟောင်းအနုပညာ လက်ရာ များအားဘုရားဖူးလာ ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ အလွယ်တကူဖတ်မှတ်သိရှိ၍ ကြည်ညို သပ္ပါယ်တန်ဖိုးထားနိုင်ရေး ရေးသားဖော်ပြထားရန်တိုက်တွန်းခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ်မေလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင်တောဘုရား တို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/ အဆောက်အအုံ ၈ခုတို့တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် နစကဥက္ကဌ၏ ခရီးစဉ် လမ်းညွှန်ချက်များနှင့်အညီ ရှေးဟောင်းလက်ရာမပြတ် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် အနီးဝန်းကျင်တစ်ဝိုက် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ကျစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်းလည်း နစကသတင်းထုတ်ပြန်ရေး၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here