တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ တဘက်သတ်ငါးဖမ်းခွင့်တားမြစ်မှု ဖိလစ်ပိုင်ကန့်ကွက်

0
260

မနီလာ၊မေ ၂၇

တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်အတွင်း တဘက်သတ်ငါးဖမ်းခွင့်တားမြစ်မှုကိုဖိလစ်ပိုင်ကကန့်ကွက်ခဲ့ပြီး အငြင်းပွား နေသောတောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုသည်ဆက်၍မြင့်တက်လာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ တရုတ်ကတောင်တရုတ်ပင်လယ်အတွင်းငါးဖမ်းခွင့်ကို လာမည့်စက်တင်ဘာ ၁၆ ရက်အထိတားမြစ်ထားမည်ဖြစ်ကြောင်း အကြောင်းကြားလာပြီး အဆိုပါအချက်ကို ဖိလစ်ပိုင်က ဆန့်ကျင်ကြောင်းကိုဖော်ပြထားသည်။

“ဖိလစ်ပိုင်အနေနဲ့ ငါးဖမ်းခွင့်ကို အခုလိုတဘက်သတ်ပိတ်ပစ်တာကို ကန့်ကွက်ပါတယ်၊ဘာကြောင့်လဲဆိုတော့ တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်ရဲ့အချုပ်အခြာအာဏာအောက်မှာရှိနေပြီး ဖိလစ်ပိုင်ကစီရင်ခွင့်ရှိတဲ့ ရေပိုင်နက်ဇုန်တွေရှိနေလို့ပါ” ဟုဆိုကာ တရုတ်ဘက်မှ သံတမန်နည်းအရ အကြောင်းကြားသည့် ငါးဖမ်းမှုတားမြစ်ချက်ကို ကန့်ကွက်ကြောင်းလည်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ယခုကဲ့သို့တားမြစ်လိုက်ခြင်းကြောင့် တောင်တရုတ်ပင်လယ်၏ မြောက်လတ္တီကျု ၁၂ ဒီဂရီရှိ မြောက်ဘက်ပိုင်းဧရိယာများပါဝင်သွားကာ စကော်ဘိုရိုသောင်စွယ်လည်းပါဝင်သွားကြောင်းသိရှိရသည်။ သို့သော် Second Thomas သောင်စွယ်တော့ပါဝင်ခြင်းမရှိပေ။

တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်ဆက်ဆံရေးသည် တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှုများနှင့်ပတ်သက်၍ ပိုမိုယိုယွင်းလာကာ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးသည် ၎င်းအပိုင်ဟု ပြောကြားထားခြင်းကြောင့်လည်း ဖိလစ်ပိုင်အပါအဝင် ကျန်ဒေသတွင်းနိုင်ငံများကဆန့်ကျင်နေကြခြင်းလည်းဖြစ်သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here