၂၀၂၃ ခုနှစ်အတွင်း အရှေ့နဲ့ အရှေ့တောင်အာရှမှာ မက်သာဖီတမင်း တန်ချိန် ၁၉၀ အထိ စံချိန်တင် သိမ်းဆည်းရမိခဲ့ဟု ကုလ ပြောဆို

0
373

အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်းတွေက တိုးမြှင့်ထုတ်လုပ်မှုတွေလုပ်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ မက်သာဖီတမင်း တန်ချိန် ၁၉၀ အထိ စံချိန်သိမ်းဆည်းရမိခဲ့တယ်လို့ ကုလသမဂ္ဂက မေ ၂၈ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုဟာ အရှေ့တောင်အာရှဒေသကို ဆယ်စုနှစ်များစွာ ထိခိုက်စေခဲ့ပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဟာ ဒေသတွင်း ယင်း ဓါတုဆေးဝါးတွေရဲ့ အဓိကအရင်းမြစ်ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံ နယ်စပ်အနီး တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေ ထိန်းချုပ်ရာ ဧရိယာတွေရှိ တရားမဝင် ဓါတ်ခွဲခန်းတွေမှာ ယင်းဆေးတွေကို အများအပြား ထုတ်လုပ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာ မက်သာဖီတမင်း တန်ချိန် ၁၉၀ အထိ စံချိန်တင် သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) က ပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ မက်သာဖီတမင်း သိမ်းဆည်းရမိမှု ပမာဏအနည်းငယ်ကျဆင်းသွားပြီးနောက် ၂၀၂၃ ခုနှစ်မှာ စံချိန်တင် မြင့်တက်လာခဲ့တာဖြစ်တယ်လို့ UNODC ရဲ့ ဒေသတွင်း ဓါတုဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ၊ လာအို၊ ထိုင်းမြောက်ပိုင်းတို့ နယ်နိမိတ်ထိစပ်နေရာ ရွှေတြိဂံဒေသမှ တရားမဝင် မူးယစ်ဆေးဝါးတွေဖြတ်သန်းသယ်ဆောင်ရာ အဓိက တဆင့်ခံလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

မက်သာဖီတမင်း တစ်တန်ကျော် ပမာဏများစွာ တင်ပို့မှုကို ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အစောပိုင်းအထိ ရေလမ်းကြောင်းမှာ သိမ်းဆည်းရမိခဲ့တယ်လို့ ကုလသမဂ္ဂရုံးက ပြောဆိုပါတယ်။

မေလအစောပိုင်းက ထိုင်းအာဏာပိုင်တွေဟာ မက်သာဖီတမင်း တစ်တန်ကို ကြားဖြတ်ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံသမိုင်းမှာ တစ်ကြိမ်တည်းနဲ့ တရားမဝင်မူးယစ်ဆေး ပမာဏ အများဆုံး ဖမ်းဆီးရမိမှုဖြစ်ခဲ့ပါတယ်။

မူးယစ်ဂိုဏ်းတွေဟာ အထွက်နှုန်းတိုးစေဖို့အတွက် ဆေးဝါးချက်လုပ်မှုပုံစံကို အပြောင်းအလဲလုပ်နေခဲ့တယ်လို့ UNODC က ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးရမိမှု များပြားနေပြီး ငွေကြေးဖောင်းပွမှု မြင့်မားနေပေမယ့် မက်သာဖီတမင်းနဲ့ ketamine ဈေးနှုန်းတွေကတော့ ဆက်လက်ကျဆင်းနေတယ်လို့လည်း ကုလရုံးက ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here