ရာဖာမှာ လူသေဆုံးမှုတွေဖြစ်ခဲ့ပေမယ့် အစ္စရေးဆိုင်ရာ ပေါ်လစီ အပြောင်းအလဲရှိမှာ မဟုတ်ကြောင်း အမေရိကန် ပြောကြား

0
459

အစ္စရေးက ရာဖာဒေသရှိ စစ်ရှောင်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့မှုကြောင့် လူဒါဇင်ချီ သေဆုံးရတဲ့ ပျက်စီးထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ဒီအတွက်နဲ့ အစ္စရေးနိုင်ငံထံ လက်နက်တင်ပို့မှုတွေကို သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက ရပ်လိုက်မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။

“တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့မှုရဲ့ ရလဒ်ကြောင့် မူဝါဒအပြောင်းအလဲနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာစကားမရှိပါဘူး” လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

ဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုကို အမေရိကန်က စောင့်ကြည့်သွားမှာဖြစ်ကြောင်းနဲ့ အစ္စရေးအနေနဲ့ ဒီလေကြောင်းတိုက်ခိုက်မှုကနေ သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်ပါကြောင်း ကာဘီက ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကြေကွဲဖွယ် မှားယွင်းမှုလို့ ထုတ်ပြောထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ နောက်ဆက်တွဲအကျိုးဆက်တွေရှိလာမယ်လို့ အမေရိကန်ကသတိပေးထားတဲ့ အကြီးစား စစ်ဆင်ရေးမျိုးမမြောက်ဘူးလို့ ကာဘီက ပြောဆိုပါတယ်။

ရာဖာမှာ အကြီးစား မြေပြင်စစ်ဆင်ရေးကို မိမိတို့ မထောက်ခံကြောင်းနဲ့ ဒီသဘောထားဟာ တသမတ်တည်းဖြစ်ပါကြောင်း ကာဘီက ဆိုပါတယ်။ ဒီလိုစစ်ဆင်ရေးမျိုးဖြစ်လာရင် သမ္မတအနေနဲ့ ကွဲပြားတဲ့ ဆုံးဖြတ်ချက်မျိုး ချရကောင်း ချရနိုင်ကြောင်းနဲ့ လက်ရှိမှာတော့ ဒါမျိုးမမြင်တွေ့ရသေးကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေ အပါအဝင် လူ ၄၅ ဦး သေဆုံးခဲ့ပြီး ၂၄၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာရှိ ဟားမတ်စ်အဖွဲ့ စီမံသော ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်တွေက ဝေဖန်ရှုတ်ချမှုတွေ လုပ်ခဲ့ကြပြီး ပြင်သစ်သမ္မတနဲ့ ဂျာမနီဝန်ကြီးချုပ်တို့က ရာဖာမှာ ချက်ချင်း အပစ်ရပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

အစ္စရေးစစ်တပ်အနေနဲ့ ရာဖာဒေသမှာ ထိုးစစ်ဆင်မှုကို ရပ်တန့်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICJ က အမိန့်ချပြီးနောက်မှာပဲ ယခု တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Ref: BS


LEAVE A REPLY

Please enter your comment!
Please enter your name here