ဘုရင်စနစ်ကို စော်ကားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားစွဲမည်

0
189

ဘုရင်စနစ်အား စော်ကားမှုအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ထိုင်းရှေ့နေချုပ်က တရားစွဲတင်သွားမှာဖြစ်တယ်လို့ အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့(မေ ၂၉) မှာ ပြောဆိုပါတယ်။

သြဇာကြီး သူဋ္ဌေးကြီးရဲ့ ၂၀၁၅ ခုနှစ်က ပြည်ပ မီဒီယာနဲ့ အင်တာဗျူးအတွင်း ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ ညီမဖြစ်သူ ယင်လပ်ရှင်နာဝပ်ထရာအစိုးရကို ဖြုတ်ချခဲ့တဲ့ ဘုရင်စနစ်ထောက်ခံ စစ်တပ်ရဲ့  တိုင်ကြားချက်အရ အခုလို တရားစွဲဆိုဖို့ ဖြစ်လာခဲ့တာပါ။

“ရှေ့နေချုပ်က သက်ဆင်ကို စွဲချက်အားလုံးနဲ့ စွဲတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ဘင်ဂျာအဂူနာက သတင်းထောက်တွေကို ပြောဆိုပြီး ဝန်ကြီးချုပ်ဟောင်းအနေနဲ့ ဇွန်လ ၁၈ ရက်မှာ တရားရုံးရှေ့တော်သို့ လာရောက်ဖို့လိုအပ်ကြောင်း ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းအပေါ် စွဲဆိုတဲ့ အခြားအမှုတွေထဲမှာ ကွန်ပျူတာရာဇဝတ်မှု ဥပဒေကို ချိုးဖောက်တဲ့ အမှုလည်း ပါဝင်ခဲ့ပါတယ်။ သူ့အမှုသည်အနေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဗုဒ္ဓဟူးနေ့ တရားရုံးကြားနာမှုကို လာရောက်နိုင်မှာ မဟုတ်ဘူးလို့ သက်ဆင်ရဲ့ ရှေ့နေဖြစ်သူ Wimyat Chartmontri က ရိုက်တာကို ပြောဆိုပါတယ်။

ကမ္ဘာ့ အတင်းကြပ်ဆုံး ဥပဒေတွေထဲက တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ တော်ဝင် အသရေဖျက်မှု ဥပဒေအရ ဘုရင်စနစ်အပေါ် ဝေဖန်ပုတ်ခတ်တာတွေကို တားမြစ်ထားပြီး သက်ဆင်(၇၄ နှစ်) ကတော့ သူဟာ ဘုရင်မင်းမြတ်အပေါ် သစ္စာစောင့်သိကြောင်း အကြိမ်ကြိမ် ဝန်ခံထားခဲ့ပါတယ်။

အာဏာအလွဲသုံးစားမှု၊ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခဖြစ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဘီလျံနာသက်ဆင်ဟာ ခြောက်လကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ထားခဲ့သူလည်းဖြစ်ပါတယ်။

ပြည်ပမှာ ၁၅ နှစ်ကြာ ကိုယ်တိုင်တိမ်းရှောင်နေထိုင်ခဲ့တဲ့ သက်ဆင်ဟာ ၂၀၂၃ ခုနှစ်မှာတော့ အံ့အားသင့်ဖွယ် ပြည်တော်ပြန်လာခဲ့ပြီး နိုင်ရေး ကသောင်းကနင်းဖြစ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့ ကာလတလျှောက် သူဟာ အဓိကပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်တည်ရှိခဲ့ပါတယ်။

မကြာသေးခင်နှစ်များအတွင်း တော်ဝင် အသရေဖျက်မှု ဥပဒေအရ တရားစွဲခံရမှုပေါင်း ၂၇၀ ကျော်ရှိခဲ့ရာမှာ သက်ဆင်ရဲ့ အမှုက အထင်ရှားဆုံးအမှုအခင်း ဖြစ်လာဖို့ရှိပါတယ်။ ယင်းဥပဒေအရ တော်ဝင်မိသားစုတွေအပေါ် စော်ကားသူတွေဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here