အာဆီယံနိုင်ငံများသို့ မိတ်ဆက်ခရီးသွားရန် စင်္ကာပူဝန်ကြီးချုပ်သစ်စီစဥ်နေ

0
270

စင်္ကာပူ၊မေ ၂၉

စင်္ကာပူဝန်ကြီးချုပ်သစ် လော်ရန့်စ်ဝေါင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်နှစ်ပတ်က စင်္ကာပူ နိုင်ငံ၏ လေးဦးမြောက်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် အနီးကပ်ဆုံးအိမ်နီးချင်း မလေးရှားမှစ၍ ကျန်အာဆီယံနိုင်ငံများထံ မိတ်ဆက်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

မလေးရှားဝန်ကြီးချုပ် မစ္စတာအန်နဝါအီဘရာဟင်သည် မစ္စတာဝေါင်းကို မလေးရှားနိုင်ငံသို့ အလည်အပတ်လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်းမစ္စတာဝေါင်းက ဖေ့စ်ဘုတ်ခ်ပို့စ်တစ်ခုတွင်ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ်ကလည်း မစ္စတာအန်နဝါသည် ဝန်ကြီးချုပ်ဟောင်းလီရှန်လွန်းနှင့် စင်္ကာပူတွင်တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

“မစ္စတာအန်နဝါရဲ့ ဖိတ်ကြားချက်ကို လက်ခံရရှိတာ ဝမ်းသာပါတယ်၊အာဆီယံနိုင်ငံတွေကို မိတ်ဆက်တဲ့ ခရီးစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ကွာလာလမ်ပူကို အစောဆုံးသွားရောက်ဖို့ စီစဉ်ထားပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

“မလေးရှားနိုင်ငံဟာ ကျွန်တော်တို့နဲ့အနီးကပ်ဆုံးအိမ်နီးချင်းတွေဖြစ်တာကြောင့် နှစ်နိုင်ငံမျှဝေဆက်ဆံမှုတွေရှိသလို ဘုံအကျိုးစီးပွားတွေလည်းရှိပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားကာ မစ္စတာအန်နဝါနှင့် ယခင်ကအကြိမ်ပေါင်းများစွာတွေ့ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် စင်္ကာပူနိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ယင်းနောက် ၎င်းတို့သည် စင်္ကာပူနှင့်မလေးရှားနိုင်ငံတို့အကြားရှိ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ရန် ကတိကဝတ်များကိုလည်းထပ်မံအတည်ပြုခဲ့ကြသည်ဟုသိရသည်။

မလေးရှားသည်လည်း လာမည့် ၂၀၂၅ ခုနှစ်တွင် အာဆီယံဥက္ကဌဖြစ်လာမည်ဖြစ်သဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကိုမြှင့်တင်နိုင်ရန် နီးနီးကပ်ကပ်အတူလက်တွဲဆောင်ရွက်ဖို့ မျှော်လင့်နေကြောင်းလည်း မစ္စတာဝေါင်းကဆိုခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here