အမှိုက်သရိုက် အညစ်အကြေးတွေပါဝင်တဲ့ မိုးပျံပူဖောင်းတွေ မြောက်ကိုရီးယားဘက်ကနေ ပြုတ်ကျလာတာကြောင့် တောင်ကိုရီးယားအစိုးရ သတိပေးချက် ထုတ် 

0
297

        အမှိုက်သရိုက်တွေ၊ မစင်တွေ အပါအဝင် အရာဝတ္ထု့ပစ္စည်းများစွာ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်း ၉၀ ကျော် တွေ့ရှိခဲ့တယ်ဆိုတဲ့ မီဒီယာသတင်းတွေ ထွက်လာပြီးနောက် မြောက်ကိုရီးယားနိုင်ငံအနီး နယ်စပ်မှာ နေထိုင်သူတွေကို တောင်ကိုရီးယားအစိုးရက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ 

        မြောက်ကိုရီးယားဘက်က လွှတ်တင်လိုက်တာလို့ ယုံကြည်ရတဲ့ အမျိုးအမည်မသိ အရာဝတ္ထု့တွေကို လုံခြုံရေးထူထပ်တဲ့ နယ်စပ်အနီးမှာ တွေ့ရှိခဲ့ရကြောင်း၊ ပြည်သူတွေအနေနဲ့ ယင်းအရာတွေနဲ့ ဝေးဝေးနေကြဖို့၊ ဒါတွေနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထံ သတင်းပို့ကြဖို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ 

      ဗုဒ္ဓဟူးနေ့(မေ ၂၉) မှာ မိုးပျံပူးဖောင်း ၉၀ ကျော် တွေ့ရှိခဲ့ပြီး တစ်ချို့ ပူဖောင်းတွေက မြေပြင်ကို ပြုတ်ကျခဲ့ကာ ကျန်တာတွေကတော့ လေထဲမှာ ပျံဝဲနေဆဲဖြစ်တယ်လို့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။ 

         တောင်ကိုရီးယား မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေမှာ ပလပ်စတစ်အိတ်တစ်ခု ချိတ်ဆွဲထားတဲ့ အဖြူရောင် လေပြည့်မိုးပျံပူဖောင်းတစ်လုံးကိုတွေ့ရသလို အခြားပုံမှာတော့ ပြုတ်ကျသွားခဲ့တဲ့ မိုးပျံပူဖောင်းတစ်လုံးရဲ့ဝန်းကျင်မှာ အမှိုက်သရိုက်တွေ ပြန့်ကျဲနေခဲ့တာ တွေ့ရပါတယ်။ 

       တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေဟာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းကို ဝေဖန်ထားတဲ့ လက်ကမ်းစာစောင်တွေနဲ့ ကေပေါ့ပ်ဂီတဗီဒီယိုတွေပါဝင်တဲ့ USB မမ်မိုရီစတစ်တွေ ပါဝင်သော မိုးပျံပူဖောင်းတွေကို မြောက်ကိုရီးယားဘက်သို့ လွှတ်တင်နေခဲ့တာ နှစ်များစွာကြာပြီဖြစ်ပါတယ်။

 Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here