အစ္စရေးက အီဂျစ်နဲ့ နယ်နိမိတ် ဂါဇာနယ်စပ်တစ်ခုလုံးကို သိမ်းပိုက်ပြီး ရာဖာအတွင်းပိုင်းထိ ဖိအားပေးလာ

0
211

အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်နဲ့ အီဂျစ်အကြား နယ်စပ်တလျှောက်ရှိ ကြားခံဇုန်တစ်ခုကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ နိုင်ငံရဲ့ စစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာကြောင့် အစ္စရေးအနေနဲ့ ပါလက်စတိုင်းနယ်မြေရဲ့ ကုန်းမြေနယ်နိမိတ်တစ်ကြောလုံးကို ထိရောက်စွာ စီမံလုပ်ပိုင်ခွင့်ရသွားစေခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICJ က တိုက်ခိုက်မှုရပ်တန့်ဖို့ ညွှန်ကြားခဲ့သည့်တိုင် အစ္စရေးဟာ ဂါဇာတောင်ပိုင်းက
ရာဖာမြို့ကို လူ အသေပျောက်ရှိတဲ့ စီးနင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ယင်းမြို့မှာ ဂါဇာလူဦးရေ ၂.၃ သန်းရဲ့ ထက်ဝက်ခန့် စစ်ရှောင်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ရုပ်သံ သတင်းထုတ်ပြန်ချက်တစ်ခုမှာ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက အစ္စရေးတပ်တွေဟာ “ဖီလာဒယ်ဖီစင်္ကြန်” ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဂါဇာကမ်းမြောင်ရဲ့ ၉ မိုင်အရှည်ရှိ အီဂျစ်နဲ့ တစ်ခုတည်းသော နယ်စပ်စင်္ကြန်ကို အစ္စရေး ကုဒ်အမည်သုံးပြီး ပြောဆိုခဲ့ပါတယ်။

ဒီနယ်စပ်စင်္ကြန်ဟာ ဂါဇာကမ်းမြောင် ဧရိယာအတွင်း လက်နက်တွေ ခိုးသွင်းရာမှာ ပုံမှန်လိုအသုံးပြုနေတာဖြစ်ပြီး ဟားမတ်စ်အဖွဲ့အတွက် အသက်ရှုပေါက်တစ်ခုလို ထမ်းဆောင်ပေးနေတဲ့ နေရာဖြစ်တယ်လို့ ဟာဂါရီက ပြောဆိုပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းက အစ္စရေးဟာ ရာဖာမြို့တွင်းကို တင့်ကားတွေစေလွှတ်ကာ စီးနင်းတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။ ICJ က မြို့ကို ထိုးစစ်ဆင်မှု ရပ်တန့်ဖို့ ညွှန်ကြားခဲ့သည့်တိုင် တင့်ကားတပ်တွေဟာ အင်္ဂါနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ရာဖာရဲ့ ဗဟိုချက်နေရာအထိ ဝင်ရောက်ခဲ့ပါတယ်။

အစ္စရေးတင့်ကားတွေဟာ အနောက်ပိုင်း Tel Al-Sultan အရပ်နဲ့ Yibna ၊ အလယ်ဗဟိုချက် Shaboura အနီးဒေသတွေကို ချီတက်လာနေတယ်လို့ ရာဖာဒေသခံတွေက ပြောဆိုကြပါတယ်။

အခြားတိုက်ပွဲဖြစ် ဧရိယာတွေကနေ ရွှေ့ပြောင်းခိုလှုံလာကြသူတွေကို ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရကြောင်း Tel Al-Sultan အရပ်မှ ဒေသခံတွေရဲ့ ဖုန်းဆက်သွယ် အကူညီတောင်းခံမှုတွေ ရရှိခဲ့တယ်လို့ ရာဖာရှိ လူနာတင်ယာဉ်နဲ့ အရေးပေါ်ဝန်ဆောင်မှုဋ္ဌာန လက်ထောက်ညွှန်ကြားရေးမှူး Haitham al Hams က ပြောဆိုခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ဟားမတ်စ် စစ်သွေးကြွတွေဟာ အရပ်သားတွေကြားထဲမှာ ပုန်းအောင်းနေထိုင်နေကြတယ်လို့ အစ္စရေးက စွပ်စွဲပေမယ့် ဂါဇာကို အုပ်ချုပ်နေတဲ့ အစ္စလာမ်မစ်အုပ်စုကတော့ ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here