သူရဦးတင်ဦး၏ နာရေးအခမ်းအနား (၅) ရက်ထားရှိပြီး ရေဝေးသုဿာန်တွင် ဂူသွင်းသင်္ဂြိုလ်မည်

0
206

ယနေ့ ဇွန်လ (၁) ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားသည့် NLD ပါတီ နာယက သူရဦးတင်ဦး၏ နာရေးအခမ်းအနားကို နေအိမ်တွင် (၅) ရက် ထားရှိသွားမည်ဖြစ်ကြောင်း နီးစပ်သူအသိုင်းအဝိုင်းများထံမှ သိရသည်။

သူရဦးတင်ဦးသည် ရန်ကုန်ဆေးရုံကြီးအထူးကြပ်မှတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ဇွန်လ(၁) ရက် နံနက် (၈) နာရီ (၄၅) မိနစ်ဝန်းကျင်က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် သုခကာရီ လူမှုကယ်ဆယ်‌ရေးအဖွဲ့မှ တာဝန်ရှိသူများက ၎င်းအား နေအိမ်သို့ ပြန်လည်သယ်ဆောင်ပေးခဲ့ကာ နေအိမ်၌ ဈာပနအခမ်းအနားပြင်ဆင်ထားရှိကြောင်း သိရသည်။

ရေဝေးသုဿာန်တွင် ဈာပနအခမ်းအနား ကျင်းပကာ ဂူသွင်းသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သုခကာရီ လူမှုကယ်ဆယ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ မရွှေမှုန်က ၎င်း၏ လူမှုကွန်ရက်တွင် မျှဝေထားသည်ကိုတွေ့ရသည်။

သူရဦးတင်ဦးသည် ကွယ်လွန်ချိန်တွင် အသက် (၉၈)နှစ် ရှိပြီဖြစ်ပြီး ကျန်းမာရေးချို့ယွင်းလာမှုကြောင့် ပြီးခဲ့သည့် မေလ (၂၉) ရက် ညပိုင်းက ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်သည်။

မေလ(၃၀) ရက်တွင် အထူးကြပ်မှတ်ကုသဆောင်သို့ ပြောင်းရွေ့ကာ ကုသမှုပေးခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here