အိန္ဒိယအရှေ့ပိုင်း၌ အပူချိန်မြင့်တက်မှုကြောင့် ၁၅ ဦးထက်မနည်းသေဆုံး

0
240

နူးဒေလီ၊မေ ၃၁

အိန္ဒိယနိုင်ငံ၌ အပူချိန်များ စံချိန်တင်မြင့်တက်လျက်ရှိပြီး နိုင်ငံအရှေ့ပိုင်းပြည်နယ်များ၌ အပူချိန်မြင့်တက်မှုများကြောင့် အပူရှပ်ကာ လူပေါင်း ၁၅ ဦးထက်မနည်းသေဆုံးခဲ့သည်ဟုလည်းသိရသည်။ ထို့အပြင် ခန့်မှန်းချက်များအရ အပူချိန်သည် လာမည့်စနေနေ့အထိ ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ကြောင်းလည်းသိရသည်။

အိန္ဒိယ၌ အပူချိန် အဆမတန်မြင့်တက်လျက်ရှိပြီး ဒေလီမြို့နှင့်အနီးရှိအချို့နေရာများ၌ အပူချိန်သည် ၅၂ ဒသမ ၉ စင်တီဂရိတ်အထိမြင့်တက်သွားခဲ့ကြောင်း မီဒီယာများ၌ဖော်ပြထားသည်။

နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် လာမည့်ရက်များအတွင်း အပူချိန်ပြန်လည်ကျဆင်းနိုင်ရန်ရှိကြောင်းခန့်မှန်းထားသော်လည်း အရှေ့ပိုင်းရှိဒေသများ၌မူ နောက်နှစ်ရက်ခန့်အထိ အပူချိန်ဆက်လက်မြင့်တက်နိုင်သေးကြောင်းခန့်မှန်းထားသည်။

သေဆုံးသူများအနက် ၅ ဦးသည် အပူရှပ်ခြင်းကြောင့်သေဆုံးရခြင်းဖြစ်ကာ ကျန်လူများမှာမူ ဆေးရုံသို့ပို့ဆောင်စဉ်၌ပင် အသက်ဆုံးရှုံးသွားကြခြင်းဖြစ်ကြောင်းလည်းသိရကာ သေဆုံးရသည့်အကြောင်းအရင်းကိုမူ ရင်ခွဲစစ်ဆေးမှုပြုလုပ်ပြီးပါက ထုတ်ပြန်ပေးမည်ဟုလည်းသိရသည်။

အပူချိန်ပြင်းထန်နေသည့်ပြည်နယ်များ၌ လုပ်ငန်းရှင်များသည် ၎င်းတို့၏ဝန်ထမ်းများကိုအပူချိန်အမြင့်ဆုံးအချိန်များဖြစ်သည့် နေ့ခင်း ၁၁ နာရီမှ နေ့လည် ၃ နာရီအတွင်း ပြင်ပထွက်လုပ်ရမည့် အလုပ်များအား အဆိုပါအချိန်အတွင်း မလုပ်ဆောင်ရန်တားမြစ်ထားကြောင်းလည်းသိရသည်။

နိုင်ငံ၏နေရာအချို့၌ အပူချိန်များအဆမတန်မြင့်တက်လျက်ရှိနေသော်လည်း အရှေ့မြောက်ပိုင်းရှိပြည်နယ်များဖြစ်သည့် မဏိပူရ်နှင့်အာသံပြည်နယ်များ၌မူ ဆိုက်ကလုန်းရီမဲလ်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများလည်းအိန္ဒိယ၌ဖြစ်ပေါ်လျက်ရှိသည်ဟုသိရသည်။

Source : ရိုက်တာ/အာရ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here