အစ္စရေးအပစ်အခတ်ရပ်စဲရေးအစီအစဉ်သစ် ဘိုင်ဒင်ချပြ၊ ဟားမတ်စ်တို့လက်ခံရန်တိုက်တွန်း

0
269

ဝါရှင်တန်၊ဇွန် ၁

အစ္စရေးက ကမ်းလှမ်းလာသည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်အရ ဂါဇာကမ်းမြောင်၌ ၎င်းတို့က အပစ်ရပ်ပေးမည်ဖြစ်ပြီး ဟားမတ်စ်ဘက်ကလည်း ဓါးစာခံများကိုလွှတ်ပေးရန်တောင်းဆိုထားသည်ကိုလက်ခံရန် အ မေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဟားမတ်စ်တို့ကို တိုက်တွန်းခဲ့ကြောင်းသိရသည်။

ယခုအစီအစဉ်သည် နှစ်ဦးနှစ်ဘက် အဆင်အပြေနိုင်ဆုံး အစီအစဥ်ဖြစ်ပြီး အပစ်ရပ်ရေးမှတစ်ဆင့် ဝင်ရောက်လာမည့်အကူအညီများကို လိုအပ်နေသူတိုင်းအတွက် ဘေးကင်းလုံခြုံစွာနှင့် ထိရောက်စွာ ဖြင့် ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်းကိုလည်း မစ္စတာ ဘိုင်ဒင်ကပြောကြားခဲ့သည်။

“အစ္စရေးကို ရာသက်ပန် အာမခံချက်တွေပေးထားပြီး စစ်ဖြစ်နေချိန်မှာတောင် အစ္စရေးကိုအရောက်လာခဲ့တဲ့သမ္မတတစ်ယောက်အနေနဲ့ရော၊အီရန်က အစ္စရေးကိုတိုက်ခိုက်ချိန်မှာ ဝင်ကူညီဖူးတဲ့ သမ္မတ‌တစ်ယောက်အနေနဲ့ပါပြောရရင် ဒီလိုအခွင့်အရေးဟာ လုံးဝလက်မလွှတ်ချင်စရာပါပဲ” ဟုလည်းဂျိုးဘိုင်ဒင်ကဆိုခဲ့သည်။

ယခုနှစ်အစောပိုင်းက တင်ပြခဲ့သည့် ဓါးစာခံအဆိုပြုချက်သည် ဂါဇာရှိဓါးစာခံများအနက် ဖျားနာသူများ၊သက်ကြီးရွယ်အိုများနှင့် ဒဏ်ရာရရှိထားသော ဓါးစာခံများကိုလွှတ်ပေးပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို  ပိုမိုပေးနိုင်စေရန် ရက်သတ္တခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခြင်းတို့ပါဝင်သည်။

သို့သော်အဆိုပါအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် အစ္စရေး၏ ဂါဇာစစ်ပွဲကို ရပ် တန့်ရန်ငြင်းဆိုမှုနှင့်ရာဖာသို့ထိုးစစ်အရှိန်မြှင့်တင်မှုများကြောင့်ပျက်ပြားခဲ့ရသည်။

ဟားမတ်စ်ကမူ ၎င်းတို့အနေဖြင့် စေ့စပ်ညှိနှိုင်းမှုများတွင် ထပ်မံပါဝင်တော့မည်မဟုတ်ဘဲ အစ္စရေးက အပစ်အခတ်လုံးဝရပ်စဲပေးမှသာ ဓါးစာခံများနှင့်အကျဥ်းသားများကို ပြန်လွှတ်‌ပေးမည့် အပြီးသတ်အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ရှိနေ‌ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here