တရုတ်က ရုရှားကို လက်နက်များ ပံ့ပိုးပေးသည်ဆိုခြင်းနှင့်ပတ်သက်၍ မိမိတို့တွင် ပြစရာအထောက်အထား မရှိဟု အီးယူဆို

0
182

ရုရှားနိုင်ငံသို့ တရုတ်နိုင်ငံက လက်နက်များ ထောက်ပံ့ပေးပို့နေသည်ဟူသော အမေရိကန်၏ စွပ်စွဲချက်နှင့်ပတ်သက်၍ မိမိတို့တွင် ချပြစရာ အထောက်အထားဟူ၍ မရှိကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က စင်ကာပူတွင် ပြုလုပ်သည့် ဖိုရမ်တွင် ပြောကြားခဲ့သည်။

“တရုတ်က ရုရှားကို လက်နက်ထောက်ပံ့ဖို့ ကတိပြုထားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဒါဟာ တကယ်ဖြစ်နေတယ်လို့ ချပြစရာ အထောက်အထား ကျွန်တော်တို့မှာ မရှိပါဘူး” ဟု စင်ကာပူနိုင်ငံတွင် ကျင်းပသော Shangri-La Dialogue ဖိုရမ်တွင် ဘော်ရဲလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒါပေမယ့် အရပ်ဖက်ရော စစ်ဖက်မှာပါ နှစ်ဖက်သုံးလို့ရတဲ့ ပစ္စည်းတွေ ရှိနေတာကြောင့် စစ်လက်နက်နဲ့ လက်နက်မဟုတ်တဲ့ကြားမှာ ရှင်းရှင်းလင်းလင်း နယ်နိမိတ် မရှိတာကို ဆိုလိုတာဖြစ်မှာပါ” ဟု သူက ပြောကြားခဲ့သည်။

“ဒီလိုဖြစ်နေတာဟာ တရုတ်တစ်နိုင်ငံတည်းတင် မဟုတ်ပါဘူး” ဟုလည်း သူက ရှင်းပြသည်။အမေရိကန်၊ ဥရောပနှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံများတွင် ပြုလုပ်သည့် ပစ္စည်းကိရိယာအစိတ်အပိုင်းများကိုလည်း ရုရှားကစစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ကြောင်း ဘော်ရဲလ်က ပြောသည်။ ထိုပစ္စည်များမှာလည်း အရပ်ဖက်ရော စစ်ဖက်တွင်ပင် နှစ်ဖက်သုံးနိုင်သည့် ပစ္စည်းများဖြစ်နေကြကြောင်း သူကဆိုသည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ပင်းက ရုရှားနိုင်ငံသို့ တရုတ်နိုင်ငံက လက်နက်များ ထောက်ပံ့ပေးနေသည်ဆိုသော အမေရိကန်၏ စွပ်စွဲချက်ကို ငြင်းဆိုထားသည်။ “တရုတ်နိုင်ငံသည် စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းများ တင်ပို့မှုကို အထိုက်အလျောက် တာဝန်ယူမှုရှိသော နည်းလမ်းဖြင့် အမြဲတမ်း ကိုင်တွယ်ခဲ့ပြီး အရပ်ဖက်နှင့် စစ်ဖက် နှစ်ဖက်သုံးနိုင်သော ပစ္စည်းကိရိယာများ တင်ပို့မှုကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်” ဟု ဝမ်ဝမ်ပင်းက အလေးအနက် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here