အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်များတွင် မြန်မာအသင်း ယှဉ်ပြိုင်ကစားရမည်

0
271

အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာကာတာမြို့တွင် ကျင်းပမည့် အာဆီယံ ယူ-၁၆ နှင့် ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၁၆ နှင့် ယူ-၁၉ အသင်းတို့အ‌နေဖြင့် အုပ်စုအဖွင့်ပွဲစဉ်များ၌ အသီးသီးယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇွန်(၁)ရက်ကထွက်ပေါ်လာသည့် အုပ်စုပွဲစဉ်ဇယားများအရ အာဆီယံ ယူ- ၁၆ ပြိုင်ပွဲအား ဇွန်လ (၂၁) ရက်မှ ဇူလိုင်လ (၄) ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ကာ မြန်မာအသင်းအနေဖြင့် အုပ်စု(B) တွင် ကမ္ဘောဒီးယားအသင်းနှင့် အဖွင့်ပွဲစဉ် ကစားရမည် ဖြစ်သည်။

အလားတူ မြန်မာ ယူ-၁၉ အသင်း အုပ်စုပွဲစဉ်များကိုလည်း ဇူလိုင်လ(၁၇) ရက်မှ (၂၉) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အုပ်စု (B)တွင် ဗီယက်နမ်အသင်းနှင့် အဖွင့်ပွဲစဉ် ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းနှင့် ယူ-၁၉ အသင်းတို့သည့် အုပ်စု (B)၌ပင် အသီးသီးကျရောက်ခဲ့ပြီး ယူ-၁၆ အသင်း အနေဖြင့် ‌ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဗီယက်နမ်အသင်း တို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်ခဲ့သည်။

ယူ-၁၉ အသင်းအနေဖြင့်လည်း အုပ်စု (B)တွင် ဗီယက်နမ်၊ လာအို၊ ဩစတြေးလျအသင်းတို့နှင့်တစ်အုပ်စုတည်းတွင် ကျရောက်လျက်ရှိသည်။

အဆိုပါ ပြိုင်ပွဲတွင် အုပ်စုသုံးစုခွဲထားကာ အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသော အသင်း သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ကစားသွားရမည်ဖြစ်သည်။

မြန်မာယူ-၁၆ အသင်း အနေဖြင့် ဇွန်လ (၂၂) ရက် မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကမ္ဘောဒီးယား၊ ဇွန်လ (၂၅)ရက် နေ့လယ်( ၂)နာရီခွဲ အချိန်တွင် ဘရူနိုင်း၊ ဇွန်လ (၂၈) ရက် နေ့လယ် (၂)နာရီခွဲ အချိန်တွင် ဗီယက်နမ် အသင်းတို့နှင့် အသီးသီး ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း အနေဖြင့်လည်း ဇူလိုင် (၁၈) ရက် မြန်မာစံတော်ချိန် ည (၇)နာရီတွင် ဗီယက်နမ်၊ ဇူလိုင် (၂၁) ရက် ည (၇)နာရီတွင် လာအို၊ ဇူလိုင် (၂၄ )ရက် နေ့လယ် (၂) နာရီခွဲ အချိန်တွင် ဩစတြေးလျ အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here