ဆော်ဒီတွင် အခက်အခဲကြုံနေသည့် မြန်မာအမျိုးသမီးတစ်ဦးကို နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေး

0
179

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့၌ အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသူတစ်ဦးကို နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အသက် (၂၁) နှစ်အရွယ် မချစ်စနိုးသည် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရုံးမှတဆင့် ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် သွားရောက် အလုပ်လုပ်ကိုင်စဉ် အဆင်မပြေမှုများကြောင့် မြန်မာသံရုံးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

“ရီရတ်ဒ်မှာ အလုပ်လုပ်တာ တစ်ရက်မှာ (၄) နာရီတောင် မနားရပါဘူး၊၊ မိသားစုများတဲ့အတွက် တော်တော်ပင်ပန်းတယ်၊၊ အိပ်ချိန်နည်းလာတော့ မူးမော်ပြီးအမြဲတမ်း စိတ်မကြည်ခံစားရတယ်။ အလုပ်မလုပ်နိုင်တော့ အပြင်ကို ထွက်တဲ့အခါ ရဲစခန်းကို ရောက်သွားပြီး သံရုံးကိုအကြောင်းကြားပေးတာကြောင့် သံရုံးက လာခေါ်ပြီး နေစရာ၊ စားစရာတွေစီစဉ် ပေးခဲ့ပါတယ်။ အခုလို အစစအရာရာ ကူညီဖေးမကြတဲ့ တာဝန်ရှိသူတွေကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒီနေရာကနေ ကန်တော့ပါတယ်။ ပြောမပြတတ်အောင် အထူးကျေးဇူးတင်ပါတယ်”ဟု သူမကပြောသည်။

ဇွန် (၁) ရက်တွင် မြန်မာသံရုံး၏ ဦးဆောင်မှုဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် နံနက် (၃) နာရီ (၅၅) မိနစ်တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒူဘိုင်းမြို့နှင့် ဘန်ကောက်မြို့တို့မှတဆင့် ရန်ကုန်မြို့သို့ ယနေ့ည (၉) နာရီ မိနစ် (၄၀) တွင် ရောက်ရှိခဲ့သည်ဟု သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သည့်အခက်အခဲဖြစ်စေ နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးတို့ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here