စက်သုံးဆီများ တင်သွင်းခြင်းနှင့် Terminal များအလိုက် ဆီတင်/ ချ လုပ်ငန်းများလျှင်မြန်ရေးဆွေးနွေး

0
140

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ စက်သုံးဆီများတင်သွင်းခြင်းနှင့် Terminal များအလိုက် ဆီတင်/ ချ လုပ်ငန်းများတွင် စည်းစနစ်ကျပြီး ပိုမိုလွယ်ကူလျင်မြန်အောင် လုပ်ဆောင်ကြရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က ပြောကြားသည်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၁)ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (ရုံးချုပ်) ၌ ကျင်းပရာတွင် ဒုတိယဝန်ကြီး ဦးသန့်စင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းသို့ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် အချိန်နှင့် တပြေးညီ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် လက်ရှိကျင့်သုံးနေသည့် SOP (Standard Operating Procedure) များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် လိုအပ်နေသေးသည့် SOP အသစ်များ ရေးဆွဲခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီအသင်းအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်သွားကြရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ကုမ္ပဏီများအလိုက် စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှု စာရင်းအင်းအချက်အလက်များကို တိကျစွာ ပြုစုထားရှိကြရန်၊ ပြည်သူလူထုသို့ အရည်အသွေးနှင့် အချိန်အတွယ်ပြည့်မီသော စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။ 

စက်သုံးဆီ အရောင်းဆိုင်များတွင် POS စနစ်နှင့် CCTV တပ်ဆင်အသုံးပြုမှုမှသည် Real-time Software စနစ် တပ်ဆင်အသုံးပြုနိုင်သည်အထိ တွန်းအားပေးဆောင်ရွက်ကြရန်၊ သိုလှောင်စခန်း၊ ဆိပ်ကမ်းနှင့် အရောင်းဆိုင်များ၏ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းခွင်ရှိ သစ်ပင်၊ သစ်ကိုင်းများ စနစ်တကျ ရှင်းလင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းများအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအစီအမံများကို ကြိုတင်ပြင်ဆင်ထားရှိရန်လည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here