ရွှေလုပ်ငန်းရှင် (၅၀) ဝန်းကျင်ကို ခေါ်ယူစစ်ဆေးပြီးနောက် ရွှေဈေးပြန်ထိုးကျ

0
227

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း (၆၀)နားအထိ တဟုန်ထိုး အဆမတန်မြင့်တက်ခဲ့ပြီးနောက် ရန်ကုန်နှင့် မန္တလေးရှိ ရွှေအရောင်းအဝယ်လုပ်ကိုင်သူလုပ်ငန်းရှင် (၅၀) ဝန်းကျင်ကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရွှေဈေးကွက်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းကဲ့သို့ ရွှေလုပ်ငန်းရှင်များအား ခေါ်ယူစစ်ဆေးသည့်သတင်းထွက်လာပြီးနောက် ရက်ပိုင်းအတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း(၅၀) နားသို့ ပြန်ကျသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မေလ (၂၉) ရက်ညနေပိုင်းတွင်  အခေါက်ရွှေတစ်ကျပ်သား (၅၈) သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ရာမှ ခေါ်ယူစစ်ဆေးမှု သတင်းကြောင့် တဖြေးဖြေးပြန်ကျဆင်းလာရာ ‌ယ‌နေ့ ဇွန်လ (၂) ရက် နံနက် ဈေးကွက်ဖွင့်ချိန်တွင် တစ်ကျပ်သား (၅၂) သိန်းကျော်ဖြင့် ဈေးဖွင့်ထားကြောင်း သိရသည်။

ခေါ်ယူစစ်ဆေးခံရသည့် ရွှေလုပ်ငန်းရှင်များထဲတွင် ရန်ကုန်မြို့မှ အယောက် (၃၀) ဝန်းကျင်နှင့် မန္တလေးမှ အယောက် (၂၀) ဝန်းကျင် ရှိကြောင်း သိရပြီး မည်သူများ ပါဝင်သည်ကိုတော့ ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နိုင်ငံရေးအပြောင်းအလဲများ နောက်ပိုင်းမှ စတင်ကာ ပြည်တွင်းရွှေဈေးနှုန်းမှာ တဟုန်ထိုးမြင့်တက်သွားခဲ့ရာ ပြီးခဲ့သည့် မတ်လအတွင်းကပြည်တွင်းရွှေဈေး ကျပ် (၄၁) သိန်းကျော်၊ ဧပြီလတွင် ကျပ် (၄၅) သိန်းကျော်နှင့် မေလအလယ်မှ စတင်ကာ ကျပ်သိန်း (၅၀) ကျော်သို့  အဆမတန် မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ်အပါအဝင် အစိုးရက ရွှေဈေးနှုန်းထိန်းချုပ်ရန် အခေါက်ရွှေ ထုတ်ရောင်းခြင်း၊ ရွှေအသင်းများမှတဆင့် ရည်ညွှန်းဈေးသတ်မှတ်ပေးခြင်း၊ ရွှေလုပ်ငန်းရှင်များအား ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ဈေးကစားသူများ၏ ဈေးဆွဲတင်မှုကို ကြုံနေရဆဲဖြစ်သည်။

ယင်းကဲ့သို့ ရွှေဈေးနှုန်းမြင့်တက်မှုနှင့် နိုင်ငံခြားငွေဈေးနှုန်း မတည်ငြိမ်မှုကို အကြောင်းပြကာ ပြည်တွင်း၌ ဆန်ဈေး၊ ဆီဈေး၊ ဆေးဝါးဈေးနှုန်းများအပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိနေကြောင်း အခြေခံ မိသားစုများထံမှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here