(၉)နှစ်အတွင်း နည်းပညာ (၈၂) ခုကို MSME လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြန့်ဝေမည့်နည်းပညာ (၅)မျိုးလည်းရှိနေ

0
259

၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နည်းပညာ (၈၂) ခုကို MSME လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၏ ပြောကြားချက်အရ သိရသည်။

‌ဇွန်လ (၁) ရက်တွင် ပြုလုပ်သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဓာတုနည်းပညာ သုတေသနဗဟိုဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးသုတေသနလုပ်ငန်းများမှ MSME လုပ်ငန်းရှင်များက အဆိုပြုတောင်းဆိုထားသည့် နည်းပညာများကို လွှဲပြောင်းပေးခြင်းနှင့် ဖြန့်ဝေပေးခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME များသည် စီးပွားရေးကဏ္ဍတွင် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်နေရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ယင်းတို့သည် အဓိကမောင်းနှင်အား ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ထို့ပြင် နိုင်ငံတော်တွင် MSME ၄၀၀၀၀ ကျော်ရှိပြီး MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီမှ ညွှန်ကြားချက်များအတိုင်း နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ဌာနသည် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသနဌာနများနှင့် တက္ကသိုလ်များတွင် MSME များ ဖွံ့ဖြိုးရေးစွန့်ဦးတီထွင်လုပ်ငန်းများအတွက် နည်းပညာများ ပံ့ပိုးပေးနိုင်ရန် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့အကျိုးပြုသုတေသီများ၊ အင်ဂျင်နီယာများ၊ နည်းပညာရှင်များကို မွေးထုတ်ပေးလျက်ရှိကြောင်း ဒုဝန်ကြီးက ဆိုသည်။

MSME ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ရေး လိုအပ်သောနည်းပညာများကို သိရှိအသုံးပြုနိုင်စေရန်၊ ဒေသထွက်ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းနှင့်နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအရည်အသွေးယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ ပြည်သူများအတွက် စံချိန်စံညွှန်းပြည့်မီ၍ ကျန်းမာရေးနှင့် ညီညွတ်သော လူသုံးကုန်၊ စားသောက်ကုန်များ ထုတ်လုပ်မှုမြှင့်တင်နိုင်ရန်၊ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန်နှင့် နိုင်ငံခြားဝင်ငွေများတိုးပွားရရှိစေရန် ရည်ရွယ်လျက် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နည်းပညာ (၈၂) ခုကို MSME လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် သုံးနှစ်တာ အတွင်း နိုင်ငံတော်တွင် MSME ကဏ္ဍအားပေးမြှင့်တင်မှုကြောင့် နည်းပညာ (၄၂) ခု ကို လွှဲပြောင်းပေးခဲ့ရသည်ကို သိသာနိုင်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ယခု နည်းပညာ (၁၁) မျိုးကို လွှဲပြောင်းပေးပြီး နည်းပညာ (၅)မျိုးကို ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များသည် မိမိတို့လက်ခံရရှိသော နည်းပညာမျို့စေ့များမှ ထုတ်ကုန်သစ်ပင်ကြီးများဖြစ်သည်အထိ ဆက်လက်ရှင်သန်ကြီးထွားအောင် ဆောင်ရွက်နိုင်ကြပြီး လုပ်ငန်းများပိုမိုအောင်မြင်မှုမှသည် အမျိုးသားရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးတစ်တပ်တစ်အား အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here