ရွှေဈေးနှင့် ဒေါ်လာဈေး အလှုပ်အခတ်ကြောင့် ဆန် နှင့် ဆီ အပါအဝင် အခြေခံစားသောက်ကုန်ဈေးများ မြင့်တက်နေ

0
173

ပြီးခဲ့သည့် မေလ တတိယပတ်အတွင်းက စတင်ကာ ရွှေနှင့် ဒေါ်လာဈေး မြင့်တက်မှုများကြောင့် ကျပ်ငွေတန်ဖိုးထိုးကျခဲ့ပြီး ဆန်နှင့် စားအုန်းဆီအပါအဝင် ‌အခြေခံစားသောက် ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း အခြေခံလက်လုပ် လက်စား အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့်တစ်ပတ် မေလကုန်ပိုင်းမှစတင်ကာ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည့် ရွှေဘိုပေါ်ဆန်းအပါအဝင် ငစိန်၊ ဇီယာနှင့် ရက်(၉၀) ဆန်တို့ကဲ့သို့ ဆန်ကြမ်းဈေးနှုန်းများပါ မြင့်တက်လာနေကြောင်း ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များမှ အခြေခံလက်လုပ်လက်စားပြည်သူများထံမှ သိရသည်။

” အခု ဆန်ကြမ်းတောင် တစ်ပြည်ကို ၄၅၀၀/၅၀၀၀ ကျပ် ဖြစ်နေပြီ။ ရွှေဘိုပေါ်ဆန်းလို အကောင်းစား ဆန်တွေဆိုရင် တစ်အိတ်ကို ၁၇၀၀၀၀ ကျပ်လောက်ဖြစ်နေပြီ။ နေရာဒေသနဲ့ မြို့နယ်အလိုက် ကွာဟမှုတော့ ရှိနိုင်တာပေါ့။ ဒါပေမဲ့ အဲဒီထက် မလျော့နိုင်ဘူး။ များဖို့ပဲ ရှိတယ်” ဟု ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် စက်ရုံအလုပ်သမတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိ ရန်ကုန်ပြင်ပဆန်ဈေးကွက်အတွင်း၌ ရွှေဘိုပေါ်ဆန်း (၁) အိတ်လျှင် ၁၇၃၀၀၀ ကျပ်ဝန်းကျင် ၊ ဧရာဝတီပေါ်ဆန်း (၁) အိတ်လျှင် ၁၅၅၀၀၀ ကျပ်ဝန်းကျင် ၊ ပေါ်ကျွဲဆန် (၁) အိတ် ၁၁၃၀၀၀ ကျပ် ဝန်းကျင်၊ ဆန်ကြမ်း (အဟောင်း ရက် ၉၀) (၁) အိတ်လျှင်  ၁၂၇၀၀၀ ကျပ်ဝန်းကျင် ၊ ဆန်ကြမ်း ( အသစ် ရက် ၉၀) (၁) အိတ်လျှင် ၁၀၁၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ကြမ်း (နှံကား) (၁) အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော် ၊ မနောသုခဆန် (၁) အိတ်လျှင် ၉၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

အလားတူ စားအုန်းဆီ ဈေးနှုန်းအနေဖြင့်လည်း ရန်ကုန်ဈေးကွက်အတွင်း၌ တစ်ပိဿာ ၉၀၀၀ ကျပ်ဝန်းကျင် ရှိနေပြီး နယ်မြို့များတွင် တစ်ပိဿာ ၁၂၀၀၀ ကျပ် သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

” ရွာတွေမှာ အခု တစ်ပိဿာကို ၁၂၀၀၀ ကျပ်နဲ့ ရောင်းနေကြတာ။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကအထိ ၉၀၀၀ /၉၅၀၀ ကျပ်ပဲ ရှိသေးတာ။ ဒီရက်ပိုင်းမှ ခုန်တက်ကုန်တာ။ ဆန်ဈေးလည်း ဒီလိုပဲ တက်တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင်းအတွင်းမှ ဒေသခံပြည်သူတစ်ဦးက ပြောသ ည်။

ယခုအခါ ဒေါ်လာဈေးနှင့်ရွှေဈေးအနည်းငယ်ပြန်ကျလာသော်လည်း သား/ငါး ဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ၊ မီးဖိုချောင်သုံး ပစ္စည်းဈေးနှုန်းများ၊ ဆေးဝါးနှုင့် လူ့အသုံးအဆောင်ပစ္စည်း ဈေးနှုန်းများလည်း အခုရက်ပိုင်းအတွင်း ဆက်လက်မြင့်တက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here