ရှမ်းမြောက် စဉ့်အင်နှင့် ကျင်သီ ယာယီတံတားများမှဖြတ်သန်းမှု မိုးတွင်းကာလ အဆင်မပြေဖြစ်မည်ကို ဒေသတွင်းခရီးသွားများစိုးရိမ်နေဟုဆို

0
144

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် လားရှိုးအကြား စဉ့်အင်ယာယီတံတားနှင့် သီပေါနှင့် ကျောက်မဲအကြား ကျင်သီယာယီတံတားများအား လက်ရှိတွင် ဒေသတွင်း ခရီးသွားအများစု အားပြုသွားလာနေကြရာ အဆိုပါ တံတားများမှတဆင့် မိုးတွင်းကာလဖြတ်သန်းသွားလာမှုအဆင်မပြေမည်ကို စိုးရိမ်းလျှက်ရှိနေကြသည်ဟု ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ယမန်နေ့ ဇွန်(၂)ရက် သီပေါ- လားရှိုးအကြားရှိ စဉ့်အင်ယာယီတံတား ချောင်းရေစီးကြောင့် တံတားရေနစ်မြှပ်သဖြင့် ဖြတ်သန်းခွင့်ပိတ်ထားရပြီး၊ ယင်းနေ့ ညနေပိုင်းရေပြန်ကျချိန်၌ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေကြောင့် ကားများပိတ်ဆို့နေသဖြင့် အချို့သောကားများမှာကုံးမုံ-နမ့်ပေါင်လမ်းပိုင်းဘက်မှ သွားလာခဲ့ကြရကြောင်း သိရသည်။

” တံတားတွေက နောက်ပိုင်းဒီထက်မိုးများလာရင် အဆင်မပြေနိုင်ဘူး။ စဉ့်အင်‌ချောင်းရေစီးကသန်သလို ကျင်သီချောင်းရေစီးလည်းသန်တာဘဲ။ တောင်ကျ ချောင်းရေကြောင့် မိုးများရင်များသလို အရှိန်အားပါတယ်။ တံတားကြံ့ခိုင်မှုမရှိလို့ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်တယ်။ အခုတောင် ကျင်သီတံတားညွှတ်သွားပြီ။ စဉ့်အင်က ရေကျော်တယ်။ ခရီးတွေကြန့်ကြာကုန်တာအရေးမကြီးဘူး စိတ်ရှည်ရှည်ထား သွားရမှာဘဲ။ တံတားတစ်ခုခုဖြစ်လို့ ပေးမဖြတ်တော့မှာဘဲ စိုးရိမ်တယ်။”ဟု ဆိုသည်။

အဆိုပါ စဉ့်အင်နှင့် ကျင်သီယာယီတံတားရှိရာလမ်းပိုင်းမှာ ဒေသတွင်းခရီးသွားလာမှုတင်မက မန္တလေး-မူဆယ်ဘက်သို့ သွားရာတွင်လည်း အဆင်ပြေဆုံးခရီးလမ်းပိုင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် စဉ့်အင်ယာယီတံတားအနီး ဖောင်ဖြင့်ကူးနိုင်ရန် စီစဉ်ထားသော် လည်း ကားအစီးရေများသဖြင့် အဆင်မပြေနိုင်ကြောင်းနှင့် ကျင်သီတံတား အသစ်ထမ်မံတည်ဆောက်မှုမှာလည်း ချောင်းရေစီးသည့် အခြေအနေအား စောင့်ကြည့်‌ နေရကြောင်းသိရသည်။

“ပြည်ထောင်စုလမ်းမပေါ်က ပျက်ဆီးသွားတဲ့ တံတားတွေကိုသာ အမြန်ပြန်ဆင်ပေးရင် ကောင်းမယ်။ ခရီးသွားတွေရဲ့အခြေအနေကို ထောက်ရှု့ပေးရင်ပေါ့။ ဒီအတိုင်းဆို မိုးတကယ် ဒီထက်များလာရင် မလွယ်ဘူး”ဟု နောက်ထပ် ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။

ယမန်နှစ် အောက်တိုဘာလမှ စတင်၍ တပ်မတော်နှင့် ညီနောင်‌ မြောက်ပိုင်း မဟာမိတ်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ အဓိကကျသော တံတားအချို့ ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဒေသတွင်း ဆက်သွယ်ထားသောတံတား (၅)စင်း ဖျက်ဆီးခံရကာလမ်းပန်း ဆက်သွယ်ရေး အခက်အခဲများရှိလာပြီး ကျေးရွာချင်းချိတ်ဆက်လမ်းများမှသော်လည်းကောင်း ၊ တောတွင်းလမ်းများမှသော်လည်းကောင်း သွားလာနေကြရသည့်အခြေအနေဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့မှာ ဒေသတွင်း တိုက်ပွဲများအကြား ဖျက်ဆီးခံထားရခြင်းဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here