ဂျပန်နိုင်ငံတွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်

0
170

ယခုနှစ်အစောပိုင်းကတည်းက အင်အားပြင်းငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့သော ဂျပန်နိုင်ငံ အိရှီကာဝါ စီရင်စုတွင် ရစ်ခ်ျတာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ငလျင်၏ဗဟိုချက်မှာ နိုတိုကျွန်းဆွယ်တွင်ဖြစ်ပြီး ငလျင်အရင်းအမြစ်သည် မြေအောက် အနက် ၁၀ ကီလိုမီတာတွင်ရှိကြောင်း သိရသည်။

အ‌ေ-သအပျောက် သို့မဟုတ် ပျက်စီးမှုသတင်းများ မတွေ့ရှိရချေ။ ငလျင်လှုပ်ချိန်တွင် ဆုနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့သော်လည်း ငလျင်လှုပ်ပြီး မိနစ်အနည်းငယ်အကြာတွင် သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ပထမငလျင်လှုပ်ပြီး ဆယ်မိနစ်အကြာတွင် အလားတူ ပြင်းအား မြေငလျင် နောက်ထပ်တစ်ခု တူညီသောနေရာတွင် ထပ်မံလှုပ်ခတ်ခဲ့သည်။ ထပ်မံ၍ ငလျင်လှုပ်ခတ်နိုင်ခြေ ရှိကြောင်း တာဝန်ရှိသူများက သတိပေးထားပြီး ဒေသခံများအနေဖြင့် တည်ငြိမ်ပြီး သတိရှိကြရန် တိုက်တွန်းထားသည်။

အင်အားပြင်းငလျင်များ ဆက်တိုက်လှုပ်ခတ်မှုကြောင့် ဒေသတွင်း နျူကလီးယားစက်ရုံများတွင် အရေးပေါ်အခြေအနေများ မဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်စွမ်းအင်ကုမ္ပဏီများက ပြောကြားခဲ့သည်။ အထူးသဖြင့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည့် နိုင်ငံ၏တူညီသောဒေသတွင် တည်ရှိသည့် Kashiwazaki-Kariwa နှင့် Shika Nuclear ဓာတ်အားပေးစက်ရုံများသည် အရေးပေါ်အခြေအနေ သို့မဟုတ် ဓါတ်ရောင်ခြည်အဆင့်ပြောင်းလဲမှုများ မကြုံတွေ့ခဲ့ရချေ။

ဇန်နဝါရီ ၁ ရက်ကတည်းက ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ အီရှီကာဝါ စီရင်စုရှိ နိုတိုကျွန်းဆွယ်အနီးတွင် ပြင်းအားအမျိုးမျိုးသော ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့သည်။ ၎င်းတို့အနက်မှ အပြင်းထန်ဆုံး ပြင်းအားမှာ ၇.၆ ဖြစ်ပြီး အင်အားပြင်း ဆူနာမီ ဖြစ်ပေါ်ခဲ့သည်။ သဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၂၄၀ ကျော် ‌ေ-သဆုံးပြီး ၁၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် လူနေအဆောက်အအုံ စုစုပေါင်း ၃၈,၆၀၀ တို့သည် လုံးလုံးလျားလျား သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here