အစ္စရေးနိုင်ငံသားများ မော်လဒိုက်သို့ ခရီးမသွားကြဖို့ အကြံပြုချက် ထုတ်ပြန်

0
226

မော်လဒိုက်အစိုးရက အစ္စရေးပတ်စ်ပို့ကိုင်ဆောင်ထားသူတွေကို ပြည်ဝင်ခွင့် တားမြစ်လိုက်ပြီးနောက် အစ္စရေးနိုင်ငံသားတွေအနေနဲ့ မော်လဒိုက်နိုင်ငံကို ခရီးသွားလာခြင်း မပြုကြဖို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တနင်္ဂနွေနေ့မှာ အကြံပြုတိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အကြံပြုချက်မှာ နှစ်နိုင်ငံသားခံယူထားသူတွေလည်း ပါဝင်တယ်လို့ ဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။

ယင်းနိုင်ငံမှာ ရောက်ရှိနှင့်ပြီးဖြစ်တဲ့ အစ္စရေးနိုင်ငံသားတွေအနေနဲ့ အကြောင်းတစ်ခုခုကြောင့် ဒုက္ခကြုံရတာမျိုးဖြစ်လာခဲ့ရင် မိမိတို့အနေနဲ့ အကူအညီပေးဖို့ရာ ခက်ခဲနိုင်တာကြောင့် ထွက်ခွာကြဖို့ စဉ်းစားရန်လည်း အကြံပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အစ္စရေးရဲ့ ဂါဇာဒေသ ထိုးစစ်နဲ့ ပတ်သက်ပြီး နိုင်ငံအတွင်း ပြည်သူတွေရဲ့ ဒေါသထွက်မှုတွေဖြစ်ပေါ်နေချိန်မှာ အစ္စရေးနိုင်ငံသားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်သွားမှာဖြစ်တယ်လို့ မော်လဒိုက်အစိုးရက ပြောဆိုခဲ့ပါတယ်။

အစိုးရအဖွဲ့ထံမှ အကြံပြုချက်ရရှိပြီးနောက် မော်လဒိုက် သမ္မတ ဒေါက်တာ မိုဟာမက် မူအီဇူက ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ ၎င်းရဲ့ရုံးမှ ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုပါတယ်။

အစ္စရေး ပတ်စ်ပို့ ကိုင်ဆောင်သူတွေကို မော်လဒိုက်နိုင်ငံအတွင်း ဝင်ရောက်ခြင်းမှ ကာကွယ်ဖို့အတွက် ဥပဒေတွေကို လိုအပ်သလို ပြင်ဆင်ရန်နဲ့ ယင်းလုပ်ငန်းစဉ်တွေကို ကြီးကြပ်ဖို့တွက် ကက်ဘိနက် ဆပ်ကော်မတီတစ်ခု ဖွဲ့စည်းဖို့ အစိုးရဝန်ကြီးများအဖွဲ့ရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ယခုနှစ် ပထမ လေးလပတ်အတွင်း မော်လဒိုက်နိုင်ငံကို လာရောက်ခဲ့တဲ့ အစ္စရေးနိုင်ငံသား စုစုပေါင်း ၅၂၈ ဦး ရှိခဲ့ပြီး ယမန်နှစ် ကာလတူအချိန်က ၄၆၄၄ ဦးအထိ ရှိခဲ့ရာမှ ကျဆင်းသွားခဲ့တာဖြစ်တယ်လို့ မော်လဒိုက်အစိုးရ စာရင်းဇယားများအရ သိရပါတယ်။

Ref: ဘန်ကောက်ပို့စ် , Middle East Eye


LEAVE A REPLY

Please enter your comment!
Please enter your name here