တာချီလိတ်မြို့နယ်တွင် ကျပ်သိန်း (၆၀၀)နီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
227

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် အမျိုးသား တစ်ဦးထံမှ ကျပ်သိန်း (၆၀၀)နီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီးတွင် ဇွန်လ (၂) ရက်၊ ညနေ (၄)နာရီခွဲ အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပေါလုမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ ညနေ (၅)နာရီအချိန်က ၎င်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ဟွေယုန်း(ရွာသစ်) ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၃၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၈၁ သိန်း)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပေါလု(၂၃)နှစ်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here