ဖူဆယ်သမိုင်းတစ်လျှောက် ပထမဆုံးနိုင်ပွဲအတွက်စွမ်းဆောင်နိုင်ခဲ့သူ အသင်းနည်းပြချုပ် Mr. Bunlert အား သုံးနှစ်စာချုပ် သက်တမ်းတိုး

0
109

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအား သမိုင်းတစ်လျှောက် ပထမဆုံးမှတ်၊ ပထမဆုံးနိုင်ပွဲရရှိရန် လမ်းပြစွမ်းဆောင်ပေးနိုင်ခဲ့သူ ဖူဆယ်အသင်းနည်းပြချုပ် Mr. Bunlert Charoenwong ကို သုံးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို၍ ထပ်မံခေါ်ယူလိုက်ကြောင်း သိရသည်။

၎င်းလက်ထက်တွင် ၂၀၂၄ အာရှဖူဆယ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံး ရမှတ်၊ ပထမဆုံး နိုင်ပွဲတို့ကို ရယူနိုင်ခဲ့ကာ ရမှတ် လေးမှတ် အထိ ရရှိခဲ့အောင် လမ်းပြစွမ်းဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။

ထို့အပြင် ၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင်လည်း အုပ်စုတွင်း ပြိုင်ဘက် ဗီယက်နမ်၊ ဩစတြေးလျ၊ အရှေ့ တီမောအသင်းတို့ကို ကျော်ဖြတ်ပြီး အုပ်စု ပထမ နေရာဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ယခု ချုပ်ဆိုခဲ့သော စာချုပ်သစ် အရ Mr. Bunlert Charoenwong သည် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် တာဝန်အပြင် ဖူဆယ် နည်းစနစ်ဒါရိုက်တာ တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ရမည် ဖြစ်သည်။

ထို့အပြင် Mr. Bunlert Charoenwong သည် ဖူဆယ်ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ် ကစားသမားသစ်များ ပေါ်ထွက်လာရေး၊ AFC Futsal Coaching Certificate Course များ ဖွင့်လှစ်နိုင်ရေးတို့တွင်လည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။

၎င်းသည် မြန်မာလက်ရွေးစင် အသင်းသို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက စတင်ရောက်ရှိ လာခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတို့ကိုနည်းပြချုပ် အဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here