ဒေါ်လာဈေးမြင့်တက်အောင် လုပ်ဆောင်နေသူ (၁၄) ဦးကိုဖမ်းဆီးအရေးယူထားပြီး (၁၁) ဦးအားဝရမ်းထုတ်

0
520

ဈေးကွက်အတွင်း ဒေါ်လာဈေးမြင့်တက်အောင် လုပ်ဆောင်နေသူ (၁၄) ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး (၁၁) ဦးအား ဝရမ်းထုတ်ထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကြေညာထားသည်။

ဒေါ်လာဈေး မငြိမ်မသက် ဖြစ်စေရန် လူမှုကွန်ရက်မှ ဝါဒဖြန့်ချိဈေးကစားခြင်း၊ လိုင်စင်ရ ငွေလဲကောင်တာများသည်လည်း ဗဟိုဘဏ်၏ စည်းကမ်းအား ချိုးဖောက်၍ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်အောင် ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်‌နေသည့်အတွက် ဖော်ထုတ်အရေးယူလျက်ရှိကြောင်း နစက ကဆိုသည်။

ယင်းကဲ့သို့ ဖော်ထုတ်ဖမ်းဆီးခဲ့ရာ အရောင်းအဝယ် ပြုလုပ်နေသူများနှင့် ပွဲစားများ အပါအဝင် (၁၄) ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ရန်ကုန်မြို့တွင် နေထိုင်သူ (၁၁) ဦးအား စစ်ဆေးရန် ခေါ်ယူရာ ရှောင်တိမ်းနေ၍ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၄၈၀၀ ကျပ်ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရွှေစျေးနှုန်းသည်လည်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၈) သိန်းအထိ ရောက်ရှိခဲ့၍ ရွှေလုပ်ငန်းရှင် ၁၀ ဦးအား ဝရမ်းထုတ်ထားကာ (၂၁)ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here