မုံရွာမြို့တွင် တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ဒုတိယအကြိမ် ဆန်ရိက္ခာများ ထောက်ပံ့

0
70

မုံရွာမြို့တွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအားဇွန် (၃)ရက်မှစတင်၍ ဒုတိယအကြိမ် ဆန်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များထဲမှ မုံရွာခရိုင်အတွင်းရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးခြင်းဖြစ်သည်။

မုံရွာမြို့နယ် စုပေါင်းရုံး အစည်းအဝေး ‌ခန်းမနှင့် သတ်မှတ်‌နေရာ (၄)ခုတို့တွင် ပေးအပ်လျက်ရှိရာ ဇွန်(၄)ရက်အထိ လူဦးရေ (၂၂၃၈) ဦးအတွက် စုစုပေါင်း ဆန် (၂၀၉၈)အိတ်၊ (၃) ပြည်ကို ဒုတိယအကြိမ်အနေဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မုံရွာခရိုင် ဆန် လက်ခံဖြန့်ဖြူးရေးအဖွဲ့မှ သိရသည်။

ရိက္ခာဆန်များ ထောက်ပံ့ရာတွင် သတ်မှတ်နေရာ (၄)ခု၌ ‌မုံရွာခရိုင် ဆန် လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက သက်ဆိုင်ရာဌာန ကိုယ်စားလှယ် တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင်စိစစ်ရေးကတ်၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ရေးကဒ်များဖြင့် တိုက်ဆိုင်စစ်ဆေး မှတ်တမ်းထားရှိခြင်း၊ နေ့စဉ်ခွဲဝေပြီးစီးမှု အခြေအနေများအား စာရင်းရှိ၊ ထုတ်ဝေပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် (၄)မြို့နယ်ရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာ ပြည်သူ (၄၅၃၁) ဦးရှိသည့်အနက် မေ(၇)ရက်တွင် တိုက်ပွဲရှောင်၊ နေရပ်စွန့် ခွာသူ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစု စုစုပေါင်း(၂၂၉၃)ဦးတို့အား တစ်ဦး လျင်(၁)ရက် နို့ဆီဗူး(၂)ဗူးနှုန်းဖြင့် (၃)လစာ စုစုပေါင်း (၂၁၄၉) အိတ်၊ (၁၆) ပြည်၊ (၄) ဗူးအား ပထမအကြိမ်ထောက်ပံ့ပေးပြီးဖြစ်ကာ ယခုကျန်ရှိသည့် တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစု စုစုပေါင်း (၂၂၃၈) ဦးတို့အား တစ်ဦးလျင်(၁)ရက် နို့ဆီဗူး(၂)ဗူးနှုန်း ဖြင့် (၃)လစာအား ဒုတိယအကြိမ် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများ၊ သက်ဆိုင်ရာရပ်ကွက်များတွင် တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူ စုစုပေါင်း (၄၅၃၁)ဦးအတွက် စုစုပေါင်း ဆန် (၄၂၄၇) အိတ်၊ (၁၉) ပြည်၊ (၄) ဗူး ‌ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here