မြောက်ကိုရီးယားနှင့် စစ်ရေးဆိုင်ရာ သဘောတူညီချက်ကို တောင်ကိုရီးယား အပြည့်အဝရပ်ဆိုင်း

0
277

၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ရေးဆွဲခဲ့ကြသည့် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုလျှော့ချရေး သဘောတူစာချုပ်ကို အပြည့်အဝရပ်ဆိုင်းရန် အဆိုပြုချက်အား တောင်ကိုရီးယားအစိုးရက အတည်ပြုလိုက်ကြောင်း Yonhap သတင်းတွင် ဖော်ပြထားသည်။

ဇွန် ၃ ရက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းကိစ္စကို တင်ပြမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးအဖွဲ့က အကြောင်းကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မြောက်ကိုရီးယားဖက်က ငြင်းဆိုထားခြင်းကြောင့် တောင်ကိုရီးယား၏ လက်နက်ကိုင်တပ်ဖွဲ့များအတွက် အခက်အခဲများ ဖြစ်ပေါ်စေကြောင်းကိုလည်း ရှင်းပြခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှု လျှော့ချရေး သဘောတူစာချုပ်သည် စစ်ရေးလေ့ကျင့်မှုကို တားမြစ်ထားသည့် နယ်စပ်ဒေသများရှိ ကြားခံဇုန်များ အပါအဝင် စစ်ရေးနယ်ပယ်တွင် တင်းမာမှုများ လျှော့ချရေး အစီအမံများစွာကို ပံ့ပိုးပေးထားသည်။

အဆိုပါ သဘောတူညီချက်ကို ဆိုင်းငံ့လိုက်ခြင်းသည် တောင်ကိုရီးယားဖက်မှ မြောက်ကိုရီးယားသို့ အသံချဲ့စက်ဖြင့် ဝါဒဖြန့်ထုတ်လွှင့်မှုများကို ပြန်လည်စတင်နိုင်စေမည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားသည် ဂြိုလ်တုလွှတ်တင်ရန် ကြိုးပမ်းမှု မအောင်မြင်ဘဲ အမှိုက်သယ်ဆောင်သည့် မီးပုံးပျံများကို တောင်ကိုရီးယားနယ်နိမိတ်အတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ပို့လွှတ်ကာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၁၈ စင်းကိုလည်း စမ်းသပ် ပစ်လွှတ်ခဲ့ပြီး တောင်ကိုးရီးယားနိုင်ငံ၏ GPS အချက်ပြမှုစနစ်ကိုလည်း ငါးရက်ဆက်တိုက် အနှောင့်အယှက်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here