တရုတ်ရဲ့ မဟာမိတ် ကမ္ဘောဒီးယားနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေရေး ကန် ကာကွယ်ရေးဝန်ကြီး ကြိုးပမ်း

0
240

အရှေ့တောင်အာရှမှာ တရုတ်နိုင်ငံရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ စစ်ဘက်ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ တွန်းအားပေးမှုအဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အင်္ဂါနေ့မှာ ကမ္ဘောဒီးယားကို သွားရောက်ခဲ့ပါတယ်။

အော်စတင်ဟာ ဖနွမ်းပင် တစ်ရက်တာ ခရီးစဉ်အတွင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး Tea Sejha နဲ့ တွေ့ဆုံခဲ့သလို ဝန်ကြီးချုပ် ဟွန်မာနက်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အော်စတင်ရဲ့ ခရီးစဉ်ဟာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ နှစ်နိုင်ငံအကြား ကောင်းမွန်နေဆဲ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေလိမ့်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

ရှန်ဂရီလာ ကာကွယ်ရေးဖိုရမ်ကို တက်ရောက်ခဲ့တဲ့ အော်စတင်ဟာ စင်ကာပူကနေ ကမ္ဘောဒီးယားကို ဆက်လက်သွားရောက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားရဲ့ တရုတ်နိုင်ငံနဲ့ နီးကပ်လာတဲ့ ခြေလှမ်းတွေ၊ အထူးသဖြင့် ထိုင်းပင်လယ်ကွေ့မှာ ပေကျင်းရဲ့ အထောက်အပံ့နဲ့ အဆင့်မြှင့်တင်နေတဲ့ ရေတပ်စခန်းတစ်ခုမှာ တရုတ်စစ်တပ်တည်ရှိမှုအပေါ် စိုးရိမ်တာကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး နှစ်အတော်ကြာ အေးစက်နေခဲ့ပါတယ်။

ကမ္ဘောဒီးယား အာဏာပိုင်တွေကတော့ တရုတ်အနေနဲ့ အထူးအခြေခံ အခွင့်အရေးတွေ ရမှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး ၎င်းတို့ရဲ့ နိုင်ငံဟာ ကြားနေ ကာကွယ်ရေးရပ်တည်ချက်ကို စောင့်ထိန်းထားကြောင်း ပြောဆိုခဲ့ကြပါတယ်။

ယခု ခရီးစဉ်ဟာ ဟွန်မာနက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက်ပိုင်း အော်စတင်ရဲ့ ပထမဆုံး ကမ္ဘောဒီးယားခရီးစဉ်ဖြစ်ပါတယ်။ သူဟာ တိုင်းပြည်ကို နှစ်ပေါင်း ၃၈ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူ ဟွန်ဆင်ထံက ရာထူးဆက်ခံခဲ့တာဖြစ်ပါတယ်။

ယင်း ရာထူးအလွှဲအပြောင်းက အမေရိကန်-ကမ္ဘောဒီးယားဆက်ဆံရေး ပြန်လည်စတင်လာမယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး ယခုအချိန်အထိတော့ ဟွန်မာနက်က ဖခင်ဖြစ်သူရဲ့ မူဝါဒတွေကို ကိုင်စွဲထားဆဲဖြစ်ပါတယ်။

ဟွန်မာနက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ဝန်ကြီးချုပ်ဖြစ်မလာမီက ကမ္ဘောဒီးယားစစ်တပ်ရဲ့ တပ်မှူးတစ်ဦးဖြစ်ပါတယ်။ သူနဲ့ အော်စတင် နှစ်ဦးလုံးဟာ ဝက်စ်ပွိုင့်ရှိ အမေရိကန် စစ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူတွေဖြစ်ပြီး အော်စတင်က ၁၉၇၅ ခုနှစ်မှာနဲ့ ဟွန်မာနက်က ကမ္ဘောဒီးယားရဲ့ ပထမဆုံး ဗိုလ်လောင်းအဖြစ်နဲ့ ၁၉၉၉ ခုနှစ်မှာ ကျောင်းဆင်းခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း အော်စတင်ဟာ လက်ရှိ အထက် လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆင်နဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here