ဆွစ်ဇာလန်၌ကျင်းပမည့် ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ စင်္ကာပူတက်ရောက်မည်

0
570
Ukraine's President Volodymyr Zelensky speaks during the 21st Shangri-La Dialogue summit at the Shangri-La Hotel in Singapore on June 2, 2024. (Photo by NHAC NGUYEN / AFP)

စင်္ကာပူ၊ဇွန် ၄

ဆွစ်ဇာလန်နိုင်ငံက ကြီးမှူးကျင်းပသည့် ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူကတက်ရောက်မည်ဖြစ်ပြီး မစ္စဆင်းန်အမ်းကို အထူးသံတမန်အဖြစ်စေလွှတ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

စင်္ကာပူဝန်ကြီးချုပ်လော်ရန့်စ်‌ဝေါင်းက မစ္စဆင်မ်းကို ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အထူးသံတမန်အဖြစ်ခန့်အပ်ခဲ့ပြီး ၎င်း၏ဆုံးဖြတ်ချက်အား ဆွစ်ဇာလန်သမ္မတ ဗီရိုလာအမ်ဟာ့ထ်အား အသိပေးခဲ့ပြီဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့ကပြောကြားခဲ့သည်။

“သမ္မတအမ်ဟာ့ထ်နဲ့ကျွန်တော်က နိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းရဲ့အခြေခံမူတွေကိုလိုက်နာဖို့ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကအရေးကြီးပုံကိုလည်း အလေးပေးဖော်ပြခဲ့ပါတယ်” ဟု မစ္စတာဝေါင်းက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ပြောကြားခဲ့သည်။

ဆွစ်ဇာလန်၌ကျင်းပမည့် အဆိုပါငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို ဇွန်လ ၁၅ ရက်နှင့် ဇွန်လ ၁၆ ရက်တို့တွင်ကျင်းပမည်ဖြစ်ကြောင်းလည်းသိရသည်။

ယူကရိန်းသမ္မတဇလန်းစကီးသည် ထိပ်သီးအစည်းအဝေးအတွက် နိုင်ငံနှင့်အဖွဲ့အစည်းပေါင်း ၁၀၆ ခုက လက်မှတ်ရေးထိုးခဲ့ကြောင်းပြောကြားခဲ့သော်လည်း အချို့သောကမ္ဘာ့ခေါင်းဆောင်များကမူထောက်ခံမှုမပေးသေးသည့်အတွက် စိတ်ပျက်မိကြောင်းလည်း ရှန်ဂရီလာလုံခြုံရေးဆွေးနွေးပွဲ၌မှတ်ချက်ပြုခဲ့သည်။

ဆွေးနွေးပွဲတက်ရန်အတည်ပြုထားသော နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ယူကရိန်း၏ အနောက်မဟာမိတ်များနှင့် တောင်အမေရိက၊အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှနိုင်ငံများပါဝင်ကြောင်း ဇလန်းစကီးရုံးကပြောကြားခဲ့ပြီး ကိဗ်သည် မြို့တော်နှင့် အဖွဲ့အစည်းပေါင်း ၁၆၀ ခန့်သို့ ဖိတ်ကြားစာများပေးပို့ခဲ့သည်ဟုလည်းဆိုသည်။

အမေရိကန်ဒုတိယသမ္မတ ကမ်မလာဟားရစ်သည် အဆိုပါငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲသို့ ဝါရှင်တန်ကိုယ်စားလှယ်အဖြစ် တက်မည်ဖြစ်ကာ ဖိလစ်ပိုင်သည်လည်း ထိပ်သီးဆွေးနွေးပွဲ၌ပါဝင်မည်ဖြစ်ပြီးသမ္မတဖာဒီနန်မားကို့စ်ကိုယ်တိုင် တက်ရောက်မည်လားသံတမန်စေလွှတ်မည်လားဟူသည်ကိုမူမသိရသေးပေ။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here