စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက်မည်

0
165

စက်မှုဇုန်ပြင်ပတွင် လည်ပတ်နေသော လုပ်ငန်းများရှိနေသဖြင့် စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

စက်မှုဇုန်ပြင်ပတွင် လည်ပတ်နေသော လုပ်ငန်းများရှိသဖြင့် စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်အသစ်များတည်ထောင်ရန်နှင့် တည်ထောင်ထားရှိသော စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေ (၂၆) ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး တာဝန်ခံဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာနဖြစ်ကြောင်း သိရသည်။

အတည်ပြုပြီး စက်မှုဇုန် ဥပဒေနှင့်အညီ ဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီများဖွဲ့စည်းပြီး စက်မှုဇုန်အသစ်များ စနစ်တကျ ထူထောင်သွားရန်၊ တည်ထောင်ပြီး စက်မှုဇုန်များအား အဆင့်မြှင့်တင်ရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များတွင် ပြန့်ကျဲတည်ရှိနေသော စက်မှုလုပ်ငန်းများအား စက်မှုဇုန်များတွင် စုပေါင်းလုပ်ကိုင်စေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ခံစားရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံ့စီးပွားတိုးတက်စေရန် ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်တည်ထောင်ပြီး စက်မှုဇုန် (၂၈) ဇုန်၊ စက်မှုရပ်ကွက် (၅)ခု၊ ဆောင်ရွက်ဆဲ စက်မှုဇုန် စီမံကိန်း (၂) ခုရှိပြီး အဆိုပါ စက်မှုဇုန်၊ စက်မှုရပ်ကွက်နှင့် စီမံကိန်းများအတွင်း အငယ်စား၊ အလတ်စားနှင့်အကြီးစားစက်မှု လုပ်ငန်းပေါင်း ၇၉၇၂ ခုရှိပြီး လုပ်သားပေါင်း (၅)သိန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နေပြည်တော်ကောင်စီအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ အခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်စေရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့အတွက် အလားအလာရှိသောလုပ်ငန်းများကို လက်တွေ့ကျကျစီမံဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့သည်။

လက်ရှိလျှပ်စစ်အခက်အခဲသည် ဇုန်များအားလုံးအတွက် ခေါင်းခဲစရာ ကိစ္စရပ်အဖြစ်ရှိနေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံမည့် ပြည်ပလုပ်ငန်းရှင်များအတွက်လည်း ဆွဲဆောင်မူနည်းနေသောအခြေအနေဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here