မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပင်မကျင်သီတံတားမှ ယနေ့ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်

0
200

မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် ကျောက်မဲနှင့် သီပေါကြားရှိ ပင်မကျင်သီတံတားမှ ယနေ့ ဇွန်(၇)ရက်နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

ထိုသို့ဖြတ်သန်းခွင့်ပြုရာတွင် ယာဉ်ငယ်များသာမက ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်ကြီးများကိုပါ ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ဆိုသည်။

“မူလကျင်သီ တံတားကြီးပေါ်က ကားကြီးကားငယ်တွေတိုက်ရိုက်ဖြတ်သန်းနိုင်ပါပြီ။ မိုးတွင်းအတွက် စိတ်ပူရန် မလိုတော့ပါဘူး။ ဝမ်းသာစရာပါ။ ခရီးလမ်းလည်း တိုသွားပြီပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် အဆိုပါတံတားမှာ လက်နက်ကြီးကျည်ကျရောက်ကာ ပျက်စီးခဲ့ရသဖြင့် ယင်းတံတားဘေးအောက်ဘက်တွင် ယာယီတံတားငယ်ထိုးကာ ဒေသတွင်းခရီးသွားလာရေးအတွက် ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်အတွင်း အဆိုပါ ယာယီတံတားမှာ ချောင်းရေတိုက်စားမှုကြောင့် တိမ်းညွှတ်ခဲ့ရပြီး ဒေသတွင်းခရီးသွားများ အခက်အခဲဖြစ်ပေါ်ခဲ့ပြီးနောက် ပင်မတံတားအား ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“အစောပိုင်းထဲက အဲဒီလိုဖြစ်ရမှာ လားရှိုး-သီပေါ ကြားက စဉ့်အင်တံတားလည်း အခုလို ဖြတ်သန်းခွင့်ပြုမယ်ဆိုရင် ဒေသမှာ ကုန်စည်စီးဆင်းမှုမြန်မယ်ဗျာ။ ခရီးသွားလာမှုအဆင်ပြေမယ်ဗျာ။ ကွေ့ပတ်ပြီး မသွားရတော့တဲ့အတွက် စရိတ်စက ကုန်ကျမှုနည်းလာတာနဲ့ ကုန်ဈေးနှုန်းအချို့လည်း ပြန်ကျလာနိုင်တာပေါ့။ ဒါက ကျွန်တော့်အမြင်ပါ “ဟု နောက်ထပ်ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။

ဒေသတွင်းတိုက်ပွဲများကြောင့် မန္တလေး -မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဒေသတွင်း ဆက်သွယ်ထားသောတံတား (၅)စင်း ဖျက်ဆီးခံရကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိလာပြီး ကျေးရွာချင်းချိတ်ဆက်လမ်းများမှသော်လည်းကောင်း တောတွင်းလမ်းများမှသော်လည်းကောင်း သွားလာနေကြရသည့်အခြေအနေဖြစ်ပေါ်ခဲ့ရသည်။

အဆိုပါ တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့မှာ ဒေသတွင်း တိုက်ပွဲများအကြား ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here