ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး နေအိမ်သုံးလုံး မီးသင့်ဆုံးရှုံးကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရ

0
113

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်း‌တောင်ကျေးရွာတွင် ယမန်နေ့ ဇွန်(၆)ရက် ည(၁၁)နာရီခွဲအချိန်တွင် မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ရာ နေအိမ်သုံးလုံး မီးသင့်ဆုံးရှုံးခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦး ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ ဆိုင်းတောင်ကျေးရွာဘောလုံးကွင်းအနီးရှိ နေအိမ်တစ်အိမ်မှ ပေါ့ဆမီးကြောင့် စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး ဘေးချင်းကပ် နေအိမ်နှစ်လုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖယောင်းတိုင်မီးကနေ စလောင်တာ။ ပေါ့ဆမီးပေါ့။ မီးသတ်သမားတစ်ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်။ မီးဟပ်ခံရတာ။ သူအခြေအနေတော့ လောလောဆယ် မသိရသေးဘူး” ဟု ဒေသခံ လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးကပြော သည်။

မီးလောင်ကျွမ်းမှုအား တစ်နာရီခွဲခန့် ငြိမ်းသတ်ခဲ့ရကာ မီးငြိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး မီးအပူဟပ်ခံရသည့် ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ရောက်ကုသနေကြောင်းသိရသည်။

အဆိုပါ မီးလောင်ပြင်သို့ ဒေသတွင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့တို့က ပူးပေါင်းငြိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here