ဇွန် (၆) ရက်မှစ၍ PJ အမျိုးအစားစာအုပ်များကို PV သို့ ပြောင်းလဲလျှောက်ထားခွင့် မပြုတော့ဟုဆို

0
389

ဇွန်လ (၆) ရက်မှစတင်ပြီး ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်သူများ အများဆုံးကိုင်ဆောင်သည့် PJ အမျိုးအစားစာအုပ်များကို အလည်အပတ်စာအုပ် PV သို့ ပြောင်းလဲလျှောက်ထားခွင့်မပြုတော့ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ PJ အမျိုးအစားစာအုပ်များကို PV သို့ ပြောင်းလဲလျှောက်ထားခွင့်ပိတ်ခြင်းသည် အမျိုးသားများပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ကန့်သတ်လိုက်ခြင်းနှင့်ဆက်စပ်မှုရှိနေပြီး ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများအနေဖြင့်လည်း အခက်အခဲများရှိလာနိုင်ကြောင်း အေဂျင်စီအသိုင်းအဝိုင်းထံမှ သိရသည်။

” PJ ကိုင်ထားတဲ့သူတွေ နစ်နာ‌တာပေါ့။ သူတို့ကန့်သတ်ထားတဲ့ အသက်အရွယ်ထဲက လူတွေဆိုရင် အကျုံးဝင်တာ။ တော်တော်များများက အလည်အပတ်ကို ပြောင်းပြီးတော့ သွားကြတယ်။ ဒါကလည်း အရင်လုပ်ထားပြီးသားသူတွေက ပိုဆိုးတာပေါ့” ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ (၁) ရက်မှစတင်ပြီး အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီကန့်သတ်လိုက်ပြီးမေလ (၆) ရက်တွင် ပြန်လည်ခွင့်ပြုခဲ့ကာ အသက် (၂၃) နှစ်မှ (၃၁) နှစ်ကြား မပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအပါအဝင် ဂျပန်၊ စင်ကာပူစသည့်နိုင်ငံများမှ ကုမ္ပဏီများသည် အမျိုးသားများကို အသက် (၂၀)မှ (၃၅) နှစ်အတွင်းသာ အဓိကထားခေါ်နေသည့်အတွက် အေဂျင်စီများအနေဖြင့် အခက်အခဲများရှိကြောင်း သိရသည်။

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းကြောင့် လူငယ်အများစုသည် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူများပြားလာခြင်းဖြစ်ပြီး ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းသည် တရားမဝင်သွားရောက်လုပ်ကိုင်သူ အရေအတွက်ကို ပိုမိုများပြားလာနိုင်စေကြောင်း သုံးသပ်မှုများလည်း ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here