စစ်ကိုင်းတိုင်းအတွင်း သစ်တောပြန်လည်ဖုံးလွှမ်းရေးလုပ်သွားမည်

0
156

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ (၅) ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပစဥ် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားသည်။

“စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအနေနဲ့ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းကို ပြန်လည်တိုးတက်စေဖို့အတွက် သစ်တောဦးစီးဌာနနဲ့ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနတွေနဲ့အတူ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စဉ်များအား လျှော့ချနိုင်ရေး မြေယာပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့်အတူ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး သည်အလွန်ပင်အရေးကြီးကြောင်းကိုလည်းထည့်သွင်းပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပေးပို့သည့် သဝဏ်လွှာ Video Clip တို့အား ကြည့်ရှုကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်မှုဆု ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုဆုလက်မှတ်နှင့်ချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်မှ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ/အလုပ်ရုံ/လုပ်ငန်းဆု ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုဆုလက်မှတ်နှင့် ချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေ၊ စည်းမျဉ်းများနှင့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ အမှုထမ်းအဆင့် ရေးဖြေစာမေး ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ချီးမြှင့်ငွေများ အားလည်း ကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here