ယူကရိန်းမှာ အောင်ပွဲဆင်ဖို့ နျူလက်နက် သုံးစရာမလိုဟု ပူတင် ပြော

0
1304

ယူကရိန်းစစ်ပွဲမှာ အောင်ပွဲဆင်ဖို့ရာ မော်စကိုအတွက် နျူကလီးယားလက်နက် သုံးစရာမလိုပါဘူးလို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က သောကြာနေ့(ဇွန် ၇) မှာ ပြောဆိုလိုက်ပြီး ကရင်မလင် အကြီးအကဲတစ်ဦးအနေနဲ့ နျူကလီးယားတိုက်ခိုက်မှုရှိလာမှာ မဟုတ်ဘူးဆိုတာကိုသိသိသာသာအချက်ပြလိုက်ပါတယ်။

ရုရှားတပ်တွေဟာ မကြာသေးမီလများအတွင်း ယူကရိန်းမှာ ရှေ့တိုးချီတက်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ နျူလက်နက်တွေအသုံးပြုရမယ့် အခြေအနေမျိုး မိမိ မမြင်မိကြောင်းနဲ့ နျူကလီးယားခေါင်းစဉ်နဲ့ ဆွေးနွေးပြောဆိုနေကြတဲ့ လူတွေ ရပ်တန့်ကြပါလို့ တောင်းဆိုကြောင်း ပူတင်က ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် ကမ္ဘာ့အကြီးဆုံး နျူအင်အားကြီးနိုင်ငံကို ဦးဆောင်နေတဲ့ ပူတင်က သူ့အနေနဲ့ အဆိုပါလက်နက်တွေကို ထုတ်သုံးနိုင်သော အခြေအနေများအား သတ်မှတ်ပေးထားတဲ့ ရုရှားရဲ့ နျူကလီးယား အယူဝါဒကို ပြောင်းလဲဖို့ရာ ပစ်ပယ်ထားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လိုအပ်လာပါက ရုရှားဟာ နျူကလီးယားလက်နက် စမ်းသပ်မှုလုပ်ဆောင်သွားနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ဒီလိုလုပ်ဖို့ မလိုအပ်သေးဘူးလို့ သူ ထင်မြင်ကြောင်း ပြောဆိုသွားပါတယ်။

သြဇာကြီး ရုရှား လေ့လာသုံးသပ်ရေးသမား ဆာဂေး ကာရာဂနော့ဗ်က ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်တိုင်းရဲ့ နားထင်ကို ပစ္စတိုတေ့သင့်ပြီလားဆိုတဲ့ မေးခွန်းအပေါ် ပူတင်က အထက်ပါအတိုင်း ဖြေကြားသွားခဲ့တာလို့ သိရပါတယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင်ခွင့်အပေါ် ခြိမ်းခြောက်မှုဖြစ်လာတဲ့ ထူးခြားအခြေအနေမျိုးမှာ နျူလက်နက်အသုံးပြုဖို့ ဖြစ်နိုင်ကြောင်း သို့ပေမယ့် ဒီလိုကိစ္စမျိုး ကြုံလာမယ် မထင်ကြောင်းနဲ့ ဒါတွေကို သုံးဖို့ မလိုအပ်ကြောင်း ပူတင်က ပြောဆိုသွားခဲ့ပါတယ်။

Ref: ဆောက်ချိုင်းနား မောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here