သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုမေးခွန်း(၆၈)ခု၊ အဖွဲ့အစည်း မေးခွန်း (၁၈)ခုပါဝင်မည်

0
249

လာမည့် ဩဂုတ်မှ စတင်၍ သန်းခေါင်စာရင်းဆိုင်ရာ နည်းပြသင်တန်းအပါအဝင် သင်တန်းအဆင့်ဆင့်ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြရန် ဗဟိုသန်းခေါင် စာရင်းကော်မရှင် ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့တော် စည်ပင်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ဇွန် (၇) ရက် နံနက်က ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခန့်မှန်းလူဦးရေ (၆) သန်း (၇) သိန်းကျော်၊ ခန့်မှန်းအိမ်ထောင်စု (၁)သန်း (၅)သိန်းကျော်ရှိပြီး ကောက်ကွက်ပေါင်း (၁၃၀၀၀)ကျော်ကို စာရင်း စစ်၊ စာရင်းကောက် စုစုပေါင်း (၅၀၀၀)ကျော်ဖြင့် ကောက်ယူရန်လျာထားသည်။

သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်၊ ညသန်းခေါင်ယံ အချိန်ကို သတ်မှတ်ထားရှိပြီး စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်အထိ (၁၅)ရက်ကြာ ပြည်လုံးကျွတ်အဆင့်ဆောင်ရွက်မည်ဖြစ်သည်။ 

လုံခြုံရေးအခြေအနေနှင့် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲတို့အရ သတ်မှတ်ရက်အတွင်း ကောက်ယူရန်ကျန်ရှိပါက ရက်ထပ်မံ တိုးမြှင့်ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်လည်း လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်း  မေးခွန်းပုံစံအတွက် မေးခွန်း (၁၈)ခုကို တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြည်သူကိုအသိပညာပေးရန်လိုကြောင်း၊ လာမည့် ဩဂုတ်မှစ၍ သန်း ခေါင်စာရင်းဆိုင်ရာ နည်းပြသင်တန်း အပါအဝင် သင်တန်းအဆင့်ဆင့်ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေးတွင် ကြိုတင်ပြင်ဆင်နေမှုနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က လူဦးရေ၏ အခန်းကဏ္ဍနှင့် လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့၌ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း အချက်အလက်များမှ ဖော်ထုတ်ချက်အကျဉ်းချုပ်တို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here