ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပမည်၊ အောက်တိုဘာလတွင် သန်းခေါင်စာရင်းကောက်မည်ဟု နစက ဥက္ကဋ္ဌပြော

0
243

ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့်အတွက် မဖြစ်ဖြစ်အောင်ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့ ဇွန်လ (၇)ရက်က ပြုလုပ်သည့် နစကအဖွဲ့၏ အစည်းအဝေး(၃/၂၀၂၄)တွင် ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ကောင်စီဝင်များအနေဖြင့်လည်း ရှေ့လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး၊ ရွေးကောက်ပွဲ အောင်မြင်မှုရှိစေရေး မိမိတို့လုပ်ဆောင်နိုင်သည်မှန်သမျှကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ၎င်းက ပြောသည်။

မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကာ သန်းခေါင်စာရင်းကောက်ယူခြင်းကိုလည်း အောက်တိုဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု နစက ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ရှေးပြေးလုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ စိစစ်လက်ခံခြင်း ၊ ပါတီမှတ်ပုံတင်ခြင်း ဥပဒေ ၊ နည်းဥပဒေများ ရေးဆွဲပြဌာန်းခြင်းများကို ဆောင်ရွက်ထားပြီး ဖြစ်သည်။

ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရသည့် အစုအဖွဲ့များအနေဖြင့်လည်း ပါတီဝင်အင်အားစုဆောင်းခြင်း၊ ပါတီရုံးခန်းများဖွင့်လှစ်ခြင်းအပြင် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

တစ်ဖက်တွင်လည်း နစက၏ ရွေးကောက်ပွဲ ရည်မှန်းချက် ပျက်ပြားစေရန် ဖိအားပေးလုပ်ဆောင်မှုများ၊ ကန့်ကွက်မှုများကလည်း ရှိနေသလို ရွေးကောက်ပွဲလမ်းကြောင်းသည်သာ တိုင်းပြည်၏ လက်ရှိအကြပ်အတည်းကို ကျော်လွှားနိုင်မည်ဟု ယုံကြည်နေကြသည့် အစုအဖွဲ့များလည်း ရှိနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here